သီချင်းကောင်းကောင်း ဆိုတတ်ချင်ရင်
ဒေါက်တာနုမြတ်
သူငယ်ချင်းတွေ၊ မိတ်ဆွေတွေနဲ့ ကာရာအိုကေသွားဆိုတဲ့အခါ ကိုယ့်အသံမကောင်းလို့ အရှက်ကွဲမှာစိုးပြီး ဘာမှ မဆိုဘဲ ထိုင်နေရပါလား။ ဒီလိုဆိုရင်တော့ အောက်ပါနည်းလမ်းတွေက သင့်ကို အခုထက်ပိုပြီး သီချင်းဆိုတတ်အောင် ကူညီ ပါလိမ့်မယ်။
♦ အဆိုတော်တွေလောက် အသံကောင်းစရာမလိုပါဘူး။
ကျွန်မတို့အားလုံးမှာ သီချင်းဆိုနိုင်စွမ်းရှိကြပါတယ်။ အဲဒါကို ယုံကြည်ပြီး ပျော်ပျော်ပါးပါးသီချင်းဆိုလိုက်ပါ။ အဆိုတော်တွေကို လိုက်မမီလို့ မဆိုတာမျိုးတော့ မလုပ်ပါနဲ့။ သီချင်းကောင်းတစ်ပုဒ်ဖြစ်ဖို့ အဆိုတော်တွေအနေနဲ့ အထပ်ထပ်အခါခါ လေ့ကျင့်ပြီးမှ ဆိုကြတာပါ။ ကိုယ့်အသံကောင်းကောင်း မကောင်းကောင်း အတတ်နိုင်ဆုံးကြိုးစားပြီး ဆိုကြည့်ပါ။
♦ သီချင်းမဆိုမီ သီချင်းလိုက် ညည်းနေပါ။
ကိုယ်ဆိုမယ့် အလှည့်မရောက်မီ တခြားသူတွေ ဆိုနေတဲ့ သီချင်းတွေကို လိုက်ညည်းနေပါ။ အိမ်မှာနေရင်လည်း ရေချိုးခန်းဝင်တဲ့အခါ၊ ပန်းပင်ရေလောင်းတဲ့အခါ သီချင်းလေး ညည်းညည်းပေးပါ။ မကြာခဏ သီချင်းဆိုပေးပါက အလိုလို နေရင်း အသံကောင်းလာပါလိမ့်မယ်။
♦ အသက်၀၀ရှူသွင်းပါ။
အသက်၀၀ရှုလိုက်ပြီး ပခုံးကို လျှော့ထားပါ။ စိတ်ကို လျှော့ထားကာ စိတ်လက်ပေါ့ပါးနေပါက သင့်ရဲ့သီချင်းဆိုသံ ဟာ သဘာဝအတိုင်း လွင့်မျောနေပါလိမ့်မယ်။
♦ ခံစားချက်ထည့်ဆိုပါ။
အချစ်သီချင်းတွေဆိုတဲ့အခါ သင်ချစ်တဲ့သူတွေအကြောင်း အမှတ်တရ ပျော်ရွှင်ဖွယ်ဖြစ်ရပ်လေးတွေအကြောင်းကို စဉ်းစားကြည့်လိုက်ပါ။ ပျော်ရွှင်နေတဲ့အခါ သင့်ရဲ့အသံကပါ အလိုလို ကောင်းနေပါလိမ့်မယ်။ သင့်ရဲ့ခံစားချက်တွေဟာ သင့်ရဲ့ သီချင်းသံထဲမှာ ပေါ်လွင်နေပါလိမ့်မယ်။
♦ သီချင်းရွေးတတ်ပါစေ
သင့်ခံစားချက်နဲ့ကိုက်ညီတဲ့ သီချင်းတွေဆိုပါက အသံအလိုလို ကောင်းလာပါလိမ့်မယ်။ သီချင်းရွေးတဲ့အခါမှာ သင် ခံစားချက်နဲ့ညီတဲ့ သီချင်းအပြင် သင့်ရဲ့ အသံနဲ့လိုက်ဖက်မယ့် သင့်အနေနဲ့ ဆိုနိုင်၊ စွဲနိုင်တဲ့ သီချင်းဖြစ်ဖို့လည်း အရေးကြီးပါ တယ်။