ခန္ဓာကိုယ်ကအသံများအကြောင်း သင်ဘယ်လောက်သိပါသလဲ

ခန္ဓာကိုယ်ကအသံများအကြောင်း သင်ဘယ်လောက်သိပါသလဲ
ဒေါက်တာနုမြတ်သိင်္ဂဦး


ခန္ဓာကိုယ်ကထွက်လာတဲ့ အသံတွေအကြောင်း ပိုပြီး သိရှိရအောင် ဒီ Quiz လေး ဖြေကြည့်လိုက်ပါ။
၁။ အသက်ရှူတိုင်း နှာခေါင်းမှာ တရွှီးရွှီးနဲ့အသံမြည်တာက ဘာကြောင့်ဖြစ်နိုင်လဲ။
(က) လေ့ကျင့်ခန်းကြောင့်ဖြစ်လေ့ရှိတဲ့ ရင်ကြပ်ရောဂါကြောင့်
(ခ) ပြင်းထန်တဲ့ ဓာတ်မတည့်မှုတွေကြောင့်
(ဂ) နှာခေါင်းထဲ အပေါက်ရှိနေလို့
၁။ (ဂ) နှာခေါင်းထဲ အပေါက်ရှိနေလို့
အသက်ရှူတိုင်း နှာခေါင်းမှာ တရွှီးရွှီးနဲ့အသံမြည်တာက နှာခေါင်းထဲ အပေါက်ရှိနေလို့ ဖြစ်နိုင်ပါတယ်။ နှာခေါင်းပေါက်နှစ်ဘက်ကို ခြားထားတဲ့ နံရံက ပုံမှန်ဆို မာနေရပါမယ်။ အဲဒီနံရံမှာ အပေါက်အပြဲရှိနေပါက အသက်ရှူသွင်းရှူထုတ်တိုင်း တရွှီးရွှီးနဲ့ လေတိုးသံကြားနေရမှာပါ။ ဒီလိုအသံတွေကြားနေရရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။ အပေါက်ကြီးရင် ကြီးသလို ခွဲစိတ်ကုသမှုခံယူသင့်ယူရမှာပါ။


၂။ လက်ဆစ်ချိုးတာက အရိုးအဆစ်ရောင်ရောဂါ ဖြစ်စေနိုင်ပါသလား။
(က) ဖြစ်စေနိုင်တယ်
(ခ) မဖြစ်စေနိုင်ဘူး
၂။ (ခ) မဖြစ်စေနိုင်ဘူး
လက်ဆစ်ချိုးပါက လက်ဆစ်ပတ်လည်က ချောဆီတွေထဲ နိုင်ထရိုဂျင်ဓာတ်ငွေ့ပူစီဖောင်းလေးတွေပေါက်ပြီး အသံထွက်တတ်ပါတယ်။ အရိုးအဆစ်ရောင်ရောဂါကို မဖြစ်စေနိုင်ပေမဲ့ နဂိုထဲက အရိုးအဆစ်ရောင်ရောဂါရှိနေသူဆိုရင်တော့ လက်ဆစ်ချိုးတာက ရောဂါကို ပိုဆိုးစေနိုင်ပါတယ်။ မကြာခဏ လက်ဆစ်ချိုးပါကလည်း လက်ဆစ်တွေအတွက်မကောင်းပါဘူး။


၃။ လေလည်ချင်တာကို ထိန်းလေလေ အသံကျယ်ကျယ်ထွက်လေလေလား။
(က) မှန်
(ခ) မှား
၃။ (က) မှန်
လေလည်တဲ့အသံကျယ်ကျယ် တိုးတိုး ကျန်းမာရေးအတွက်လည်တာဖြစ်လို့ လည်ပါစေ။ လေလည်တာကို အောင့်ထားကာမှ အသံပိုကျယ်တတ်လို့ ပိုဆိုးနေပါမယ်။ လေလည်ချင်စိတ်ကို အောင့်ထားလေလေ လေပိုများလေဖြစ်တာကြောင့် အသံပိုကျယ်တတ်တာပါ။


၄။ နှာချေချင်ရင် မချေဘဲအောင့်ထားတာက အန္တရာယ်ရှိပါသလား။
(က) ရှိပါတယ်
(ခ) မရှိပါဘူး
၄။ (က) ရှိပါတယ်
လူကြားသူကြားထဲ နှာချေချင်ပါက နှာခေါင်းထိပ်ကိုလက်နဲ့ဖိပြီးဖြစ်စေ၊ ပါးစပ်ကိုတင်းတင်းစေ့ပြီးဖြစ်စေ နှာချေချင်စိတ်ပျောက်အောင် ထိန်းထားတတ်ကြပါတယ်။ တကယ်တမ်းကတော့ နှာချေချင်စိတ်ပေါက်ရင် နှာချေလိုက်တာ အကောင်းဆုံးပါ။ နှာချေချင်စိတ်ကို ထိန်းပါက နှာချေမယ့်လေတွေကို နားအလယ်ပိုင်းဆီရောက်အောင် တွန်းပို့လိုက်သလိုဖြစ်တတ်ပါတယ်။ အခန့်မသင့်ရင် နားလေးတာ၊ မျက်လုံးထဲသွေးကြောပေါက်တာဖြစ်တတ်ပြီး အရမ်းဆိုးရင် ဦးနှောက်သွေးကြောပေါက်တဲ့အထိ ဖြစ်တတ်ပါတယ်။ ဒါကြောင့် တအားကို နှာချေချင်ရင် မအောင့်ထားပါနဲ့။ ချေချလိုက်ပါ။ ဒါပေမဲ့ ဒီအတိုင်းတော့ မချေလိုက်ပါနဲ့။ ရောဂါပိုးတွေ ပြန့်သွားနိုင်ပါတယ်။ တစ်ရှူးနဲ့အုပ်ချေပါ။ တစ်ရှူးမရှိရင် လက်နဲ့အုပ်ပြီး လက်ကို ချက်ချင်းပြန်ဆေးပါ လက်ဆေးစရာရေ အသင့်မရှိရင်တော့ တံတောင်ဆစ်နဲ့အုပ်ချေပေးပါ။


၅။ ဗိုက်ထဲတဂွီဂွီမြည်နေတာက ပြဿနာရှိတတ်လား။
(က) ရှိတတ်တယ်
(ခ) မရှိတတ်ပါ
၅။ (ခ) မရှိတတ်ပါ
ဗိုက်ထဲတဂွီဂွီမြည်နေတဲ့အသံက ပုံမှန်ပါပဲ။ အူနံရံတွေကျုံ့တဲ့အခါ၊ အူထဲအရည်တွေရွေ့လျားတဲ့အခါ၊ ဂက်(စ်)တွေများတဲ့အခါ မြည်တတ်ပါတယ်။ ဗိုက်ထဲက အသံတချို့ဆိုရင် သင်တောင်မကြားနိုင်လောက်ပါဘူး။ နားကြပ်နဲ့နားထောင်မှသာ ကြားရတာပါ။ ဗိုက်ထဲကအူတွေကောင်းကောင်း အလုပ်လုပ်မလုပ်သိချင်ရင် ဆရာဝန်တွေက နားကြပ်နဲ့ ဗိုက်ကိုကပ်နားထောင်လေ့ ရှိပါတယ်။ အူထဲအသံတွေမြည်မှ ပုံမှန်ပါ။


၆။ အသက်အရွယ်ကြီးလာတာနဲ့အမျှ နားပိုအူလာတတ်တာမှန်လား။
(က) မှန်
(ခ) မှား
၆။ (က) မှန်
နားအူတာ၊ နားလေထွက်တာက အကြောင်းရင်းများစွာ ရှိပါတယ်။ အသက်ကြီးလာတဲ့အခါမှာလည်း ဖြစ်လေ့ရှိပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်နားနေတာ၊ ဂီတဖျော်ဖြေပွဲသွားတာ၊ နားကြပ်နဲ့ သီချင်းအကျယ်ကြီးနားထောင်တာတို့ကလည်း နားအူစေနိုင်ပါတယ်။ နားဖာချေးတွေ ပိတ်လွန်းရင်လည်း နားအူတတ်ပေမဲ့ ဂွမ်းတံနဲ့ နဖာချေးမကြာခဏကလော်တာမျိုးတော့ မလုပ်သင့်ပါဘူး။ အက်စပရင်၊ အိုင်ဗျူပရိုဖန်၊ နပရောဇန်တို့လို ဆေးတွေကလည်း ပမာဏများများသောက်ရင် နားအူတာကို ဖြစ်စေနိုင်၊ ပိုဆိုးစေနိုင်ပါတယ်။


၇။ သင့်နှလုံးခုန်သံကိုသင်ပြန်ကြားနေတာက များသောအားဖြင့်…
(က) အန္တရာယ်မရှိပါဘူး
(ခ) စိတ်ကျန်းမာရေးပြဿနာကြောင့်ပါ
(ဂ) နားထဲနားဖာချေးတွေအလွန်များနေတာကြောင့်ပါ
၇။ (က) အန္တရာယ်မရှိပါဘူး
သင့်နှလုံးခုန်သံကိုသင်ပြန်ကြားနေတာက များသောအားဖြင့် အန္တရာယ်မရှိပါဘူး။ ဒီအခြေအနေကို ပုံမှန်စည်းချက်ညီခုန်နေသော နားအူခြင်းလို့ ခေါ်ပြီး အန္တရာယ်မရှိတာများပါတယ်။ သွေးတိုးရောဂါကြောင့်လည်း ဖြစ်နိုင်ပေမဲ့ ရှားတော့ရှားပါတယ်။ တခြားဖြစ်စေနိုင်တဲ့ ရှားပါးတဲ့ အကြောင်းအရာတွေကတော့ ခေါင်းတွင်းက အသံတွေကို ပိုကျယ်ကျယ်ကြားနိုင်တဲ့ နားလေးခြင်း၊ သွေးကြောရောဂါ၊ နားကြွက်သားတွေ ဆန္ဒမဲ့ဆက်တိုက်ကျုံ့ညှစ်ခြင်းတို့ပဲ ဖြစ်ပါတယ်။


၈။ လူတွေဟာ ယေဘုယျအားဖြင့် တစ်နေ့ကို ဘယ်နှခါ လေလည်လေ့ရှိပါသလဲ။
(က) ၅ ခါကနေ ၁၀ ခါကြား
(ခ) ၁၃ ခါကနေ ၂၁ ခါကြား
(ဂ) အခါ ၃၀ ကနေ ၅၀ ကြား
၈။ (ခ) ၁၃ ခါကနေ ၂၁ ခါကြား
ကိုယ်လေလည်တာက အသံထွက်ပြီးသူများတွေကြားရင် ရှက်စရာကြီးပါ။ ဒါပေမဲ့ လူတိုင်းလေလည်တယ်ဆိုတာတော့ မမေ့ပါနဲ့။ လူတိုင်း နေ့တိုင်း လေလည်ပါတယ်။ တစ်ခါ နှစ်ခါတောင်မက ကြိမ်ဖန်များစွာလေလည်တာပါ။ အသံကျယ်တာ တိုးတာ။ အနံ့နံတာ မနံတာပဲ ကွာတာပါ။ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်က မျိုချထားတဲ့ လေတွေ၊ အစာချေဖျက်တာကနေထွက်လာတဲ့ ဓာတ်ငွေ့တွေကို လေလည်ခြင်းအားဖြင့် ကိုယ်ထဲကနေ ပြန်ထုတ်ရလေ့ရှိပါတယ်။
အစားအသောက် မြန်မြန်စားတဲ့အခါ၊ ဆေးလိပ်သောက်တဲ့အခါ၊ ပီကေစားတဲ့အခါ၊ သကြားလုံးစုပ်တဲ့အခါ၊ ဂက်(စ်)ပါတဲ့ အချိုရည်တွေသောက်တဲ့အခါမျိုးမှာ ပိုပြီးလေလည်တတ်ကြပါတယ်။ ကစီဓာတ်များတဲ့အစားအစာတွေ၊ ပဲတွေ၊ ပန်းဂေါ်ဖီစိမ်းတွေ၊ နို့ထွက်ပစ္စည်းတွေ၊ ကောက်ပဲသီးနှံတွေကလည်း ပိုလေလည်စေပါတယ်။


၉။ ဘယ်လိုအခြေအနေမျိုးမှာ အိပ်ရင်ဟောက်သံထွက်တတ်လဲ။
(က) ဓာတ်မတည့်တာတွေများရင်
(ခ) ကိုယ်အလေးချိန်များရင်
(ဂ) နှစ်မျိုးလုံး
၉။ (ဂ) နှစ်မျိုးလုံး
လည်ချောင်းကြွက်သားဖြေလျော့နေပြီး လည်ချောင်းနံရံတွေ တုန်ခါတဲ့အခါမျိုးမှာ ဟောက်သံထွက်တတ်ပါတယ်။ လည်ချောင်းဖြစ်ဖြစ် နှာခေါင်းဖြစ်ဖြစ် ဓာတ်မတည့်လို့ရောင်နေတဲ့အခါမျိုးမှာ ပိုဟောက်တတ်ပါတယ်။ အဝလွန်တာ၊ ကိုယ်ဝန်ဆောင်တာတို့က လည်ချောင်းတစ်သျှူးကို ထူထဲစေပြီး ဟောက်သံထွက်စေပါတယ်။ ဝိတ်လျှော့ခြင်း၊ အိပ်ခါနီး အရက်ဘီယာမသောက်ခြင်း၊ တစ်ဖက်စောင်းအိပ်ခြင်းတို့က ဟောက်သံကိုလျော့နည်းစေပါလိမ့်မယ်။ ဟောက်သံပြင်းထန်ပါက ဆရာဝန်နဲ့ပြသတိုင်ပင်ပါ။ ဟောက်သံကျယ်သူတဝက်လောက်မှာ အိပ်နေရင်း အသက်ရှူခဏရပ်သွားတတ်တဲ့ Sleep apnea ရောဂါရှိတတ်ပြီး အန္တရာယ်ရှိပါတယ်။


၁၀။ ဂျွတ်ထိုးတာပျောက်စေနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းက
(က) အသက်အောင့်ထားတာပါ
(ခ) သကြားတစ်ဇွန်းစာမျိုချတာပါ
(ဂ) နည်းလမ်းရယ်လို့မရှိပါ
၁၀။ (ဂ) နည်းလမ်းရယ်လို့မရှိပါ
ဂျွတ်ထိုးတာပျောက်စေနိုင်တဲ့ နည်းလမ်းရယ်လို့မရှိပါဘူး။ နည်းအမျိုးမျိုးသုံးကြည့်ပေမဲ့ ပျောက်ချင်မှ ပျောက်သလို ပျောက်ချင်တဲ့အချိန်ကျတော့လည်း သူ့အလိုလို ပျောက်သွားတာပါပဲ။ အဓိကကတော့ ဂျွတ်ထိုးစေနိုင်တဲ့ အပြုအမူတွေဖြစ်တဲ့ ဂက်(စ်)များတဲ့ အချိုရည်တွေသောက်တာ၊ အစားအများကြီးစားတာ၊ လေတွေမြိုချမိတာမျိုးကို ရှောင်ဖို့ပါပဲ။


၁၁။ ဗိုက်မဆာပေမဲ့ ဗိုက်ထဲမှာတဂွီဂွီမြည်နေတာက…
(က) စိတ်ဓာတ်ကျနေလို့ပါ
(ခ) ဟမ်ဘာဂါစားထားလို့ပါ
(ဂ) Diet Soda သောက်ထားလို့ပါ
၁၁။ (ဂ) Diet Soda သောက်ထားလို့ပါ
သကြားအတုသုံးထားတဲ့ အစားအသောက်တွေက ခန္ဓာကိုယ်ထဲ အစာခြေဖျက်ဖို့ ခက်ပါတယ်။ သကြားမပါတဲ့ ပီကေတွေ၊ သကြားလုံးတွေ၊ Diet soda တွေက အစာခြေဖို့ခက်ပြီး ဗိုက်ထဲတဂွီဂွီမြည်တတ်ပါတယ်။


Leave a comment