Covid Antibody Test Kit ဆိုတာ

ကိုဗစ်ဖြစ်အပြီး ၂၁ ရက်မြောက်နေ့မှာတော့ Covid Antibody ထွက်လို့လာပါပြီ။ 🥰

IgG Antibody ထွက်ရင် ကိုယ်ထဲမှာ ကိုဗစ်ပိုးတွေမရှိတော့သလို နောက်သုံးလကနေ ခြောက်လအထိလည်း တော်ရုံနဲ့ ကိုဗစ်မကူးနိုင်တော့ပါဘူး။

Antibody ထွက်မထွက်ကို Rapid Antibody Test Kit လေးနဲ့ စစ်လို့ရပါတယ်။ ကိုဗစ်ဖြစ်ပြီးသူများ Antibody ထွက်မထွက်စစ်သင့်ပါတယ်။ ဈေးက ၁၅၀၀၀ ဝန်းကျင်ဖြစ်ပြီး အိမ်မှာတင် အလွယ်တကူစစ်လို့ရပါတယ်။

• Antigen Test Kit နဲ့ မတူတာက Antigen Test က နှာခေါင်းတို့ဖတ်ယူစစ်ရတာဖြစ်ပြီး ကိုဗစ်ပိုးရှိမရှိ စစ်တာပါ။ Test kit မှာ နှစ်ကြောင်းပဲပါပြီး တစ်ကြောင်းပဲပေါ်ရင် -ve (ကိုဗစ်မရှိ)၊ နှစ်ကြောင်းပေါ်ရင် +ve (ကိုဗစ်ရှိ) ပါ။

• Antibody Test Kit ကတော့ သွေးဖောက်စစ်ရတာပါ။ လက်ထိပ်ကို ဆီးချိုစစ်သလို သွေးဖောက်စစ်ပြီး စစ်ရတာပါ။ လိုင်း ၃ လိုင်းပါပြီး ပေါ်တဲ့လိုင်းပေါ်မူတည်ပြီး လက်ရှိ ကိုဗစ်ဖြစ်နေလား။ ပျောက်ပြီးတော့ ကိုဗစ်ကို ကာကွယ်နိုင်တဲ့ Antibody ထွက်နေပြီလားဆိုတာ သိနိုင်ပါတယ်။ အဖြေဘယ်လိုဖတ်ရလဲ ဘယ်လိုသုံးရလဲဆိုတာကိုတော့ အောက်မှာ အသေးစိတ်ရေးပေးထားပါတယ်။

Covid Antibody Test Kit ဆိုတာ ❓

=======================

Covid Antibody Test Kit ဆိုတာ Covid နလံထစ လူနာတွေအနေနဲ့ ကိုဗစ်ဖြစ်ပြီးနောက် ခန္ဓာကိုယ်က ကိုဗစ်ပိုးကို အလိုအလျောက်တုန့်ပြန်တဲ့ ကိုယ်ခံအား Antibody ထွက်မထွက်ကို စစ်ဆေးတာပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို စိတ်ရှင်းချင်လို့ပဲဖြစ်ဖြစ် Covid ဖြစ်သွားပြီးနောက် ကိုယ်ခံအားရမရ သိချင်လို့ပဲ ဖြစ်ဖြစ် စစ်ကြည့်နိုင်ပါတယ်။

ဘယ်အချိန်မှာ စစ်သင့်လဲ❓

================

Antibody Test Kit ကို စစ်သင့်တဲ့အချိန်ကတော့ နှာခေါင်းတို့ဖတ်ယူစစ်ရတဲ့ Antigen Test kit နဲ့ စစ်လို့ Covid (+)ve ဖြစ်ပြီး ၁ ပတ်ကနေ ၃ ပတ်ကြားပါ။ Antibody က အစောဆုံး နှစ်ပတ်အကြာမှာ ထွက်တာမလို့ နှစ်ပတ်ကျော်မှ စစ်ရင်တော့ အကောင်းဆုံးပါ။

ဘယ်လို စစ်မလဲ ❓

========

Antibody Test Kit တစ်ခုဝယ်ရင် တစ်ခါသုံးအပ်၊ အရက်ပြန်သုတ်ထားတဲ့ဂွမ်း (Alcohol Pad) ၊ သွေးယူတဲ့ပြွန်တံ၊ ဆေးရည်ဗူး၊ စစ်တဲ့အပြား (Test Kit) ပါပါတယ်။1. လက်ချောင်းထိပ်ကို အရက်ပြန်ပါတဲ့ဂွမ်းနဲ့သုတ်ပြီး တစ်ခါသုံးအပ်နဲ့ ဆီးချိုစစ်ရင်ဖောက်သလို တစ်ချက်ဖောက်လိုက်ပါ။ 2. ပထမဆုံးထွက်တဲ့သွေးကို မသုံးဘဲ သုတ်ပစ်လိုက်ပါ။ 3. ညှစ်လို့ ထပ်ထွက်လာတဲ့သွေးကို သွေးယူတဲ့ပြွန်တံနဲ့ ယူလိုက်ပါ။ 4. Rapid Test Kit ထဲကို သွေး ၁ စက်ချ ဆေးရည်ဘူးထဲက ဆေးရည်ကို ၂ စက်ချပါ။ တချို့ Test Kit မှာတော့ သွေး ၂ စက် ဆေးရည် ၁ စက် ထည့်ရပါတယ်။ ကိုယ်ဝယ်တဲ့ Test Kit အညွှန်းကို သေချာဖတ်ပါ။ တချို့ Test Kit မှာတော့ သွေးထည့်ရမယ့်နေရာနဲ့ ဆေးထည့်ရမယ့်နေရာ ၂ နေရာ ပါပါတယ်။ ကိုယ်ဝယ်တဲ့ဆီက အညွှန်းသေချာမေးပေးပါ။ 5. အဖြေကို ၁၀ မိနစ်ကနေ ၁၅ မိနစ်အတွင်း ကြည့်လို့ရပါပြီ။6. စစ်ပြီးသား ပစ္စည်းတွေကို ပါတဲ့ပလတ်စတစ်အိတ်ထဲ သေချာထည့်ပိတ်ပြီးမှ စွန့်ပစ်ပါ။

အဖြေဘယ်လိုဖတ်မလဲ ❓

================

Test Kit မှာ C ရယ် IgG ရယ် IgM ရယ်ဆိုပြီး သုံးနေရာ တွေ့ရပါမယ်။ C က Control ပါ။ စစ်တိုင်း C မှာလိုင်းပေါ်ရပါမယ်။ Covid 19 မှာ Antibody နှစ်မျိုး ရှိပါတယ်။ IgG နဲ့ IgM ပါ။ IgM က ရောဂါပိုးဝင်ပြီးမကြာခင် သွေးထဲမှာပေါ်ပြီး IgG က နောက်ပိုင်းမှပေါ်တာပါ။

C တစ်လိုင်းထဲမှာပဲ ပေါ်နေရင်

C တစ်ခုထဲပေါ်ပြီး IgG ရော IgM ရော မပေါ်ရင် ရောဂါပိုးကူးစက်မခံရသေးတာပါ။ ဒါမှမဟုတ် အရမ်းစောလို့ မပေါ်သေးတာလည်း ဖြစ်နိုင်ပါတယ်။

C ရယ် IgG ရယ် နှစ်လိုင်းပေါ်နေရင်

ကိုဗစ်ဖြစ်ခဲ့ဖူးပြီး ကိုယ်ခံအားထွက်နေတာပါ။ ရောဂါကိုခုခံကာကွယ်နိုင်စွမ်းရှိတဲ့ အဆင့်လို့ ပြောနိုင်ပါပြီ။ ဒီအဖြေဟာ လူတစ်ယောက်အတွက် အကောင်းဆုံးအဖြေလို့တောင် ပြောနိုင်ပါတယ်။ Covid 19 ကို ကိုယ်ခံအားရသွားတဲ့ သူတစ်ယောက်ဖြစ်သွားပြီး အခုလိုပေါ်နေသမျှ ကာလပတ်လုံး Covid 19 ကို ဖြန့်ဝေသူလည်း မဖြစ်နိုင်သလို ကူးစက်သူလည်း မဖြစ်နိုင်တော့ပါဘူး။ IgG က ခြောက်လလောက်အထိ ပေါ်နေနိုင်ပေမဲ့ Antibody ဆိုတာ ကိုယ်မသိလိုက်ဘဲ အချိန်မရွေးပျောက်သွားနိုင်လို့ ဂရုစိုက်တာတော့ အကောင်းဆုံးပါ။

C ရယ် IgM ရယ် နှစ်လိုင်းပေါ်နေရင်

ကိုဗစ်ရောဂါပိုး ကူးစက်ပြီးခါစဖြစ်လို့ အများကို မကူးစက်အောင် ဘယ်သူနဲ့မှ မတွေ့ဘဲ နှစ်ပတ်ကြာ Isolate လုပ်ရပါမယ်။

၃ လိုင်းလုံးပေါ်နေရင်

Antibody ထွက်နေပေမဲ့ ရောဂါပိုးရှိနေတုန်း ဖြန့်နိုင်တုန်းမလို့ Isolate လုပ်ပေးရပါမယ်

တစ်လိုင်းမှ မပေါ်ရင်

ဘာမှမပေါ်ရင်တောင် C ကတော့ ပေါ်ကိုပေါ်ရပါတယ်။ C လုံးဝမပေါ်ရင် သွေးထည့်တာနည်းတာ၊ ဆေးထည့်တာနည်းတာ ဖြစ်နိုင်ပါတယ်။ Test kit error တက်တာလည်းဖြစ်နိုင်လို့ နောက်တစ်ခေါက်ပြန်စစ်ရပါမယ်။

Antibody ထွက်ပြီးပြီဆို Mask တပ်စရာမလိုတော့ဘူးလား ❓❓

တခြားရောဂါတွေဆိုရင်တော့ Antibody ထွက်ပြီးရင် တော်ရုံမကူးပါဘူး။ ဒါပေမဲ့ မာယာများတဲ့ ကိုဗစ်ဖြစ်နေတော့ လုံးဝမကူးနိုင်တော့ဘူးလို့ ကြိမ်းသေမပြောရဲပါဘူးတဲ့လေ။ နောက်ဆုံးပေါ် ရောဂါဆိုတော့ စူးစမ်းလေ့လာနေကြတုန်းပါပဲ။ ဒါကြောင့် Antibody ထွက်လည်း သတိထားပါ။

🔸အပြင်ထွက်ရင် Mask မတပ်ဘဲမနေပါနဲ့ ။ Mask တပ်ပေးပါ။

🔸လူစုလူဝေးရှောင်ပါ။

🔸လက်လည်း မကြာခဏဆေးပေးရပါမယ်။

🔸ပစ္စည်းတွေ ဝယ်လာလည်း ပိုးသတ်ပေးပါနော်။ သတိဆိုတာပိုတယ်လို့ မရှိပါဘူး…

အားလုံးကျန်းမာပြီး ကိုဗစ်ကင်းစင် ပြုံးပျော်ရွှင်နိုင်ကြပါစေ

ချစ်ခင်လျှက်

ဒေါက်တာနုမြတ်သိင်္ဂီဦး@Dr. Nu Myat Theingi Oo


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s