ပင်လယ်စာတွေနဲ့ဓာတ်မတည့်တာ၊ အရက်တို့ အရက်ပြန်တို့နဲ့ဓာတ်မတည့်တာ၊ ပန်းဝတ်မှုန်တွေနဲ့ဓာတ်မတည့်တာ စသဖြင့် ဓာတ်မတည့်ရခြင်းအကြောင်းပေါင်းများစွာ ရှိပါတယ်။ အရေပြားမှာ ဓာတ်မတည့်တာဖြစ်လာရင်တော့ အရေပြားနီရဲယောင်ယမ်းကာ အင်ပျဉ်တွေထွက်လာတတ်ပါတယ်။ အရေပြားဓာတ်မတည့်တာနဲ့ပတ်သက်ပြီး သိသင့်တာလေးတွေကို ဒီ Quiz ကနေ အဖြေရှာကြည့်ကြရအောင်။
၁။ အရေပြားမှာ အလာဂျီထွက်ရတဲ့အကြောင်းရင်းက
(က) ဟစ်(စ်)တမင်းဟော်မုန်းအလုံအလောက်မရှိလို့
(ခ) ယားယံစေနိုင်တဲ့ ပဋိပစ္စည်းတွေ ထွက်လာလို့
(ဂ) ကောင်းစွာအလုပ်မလုပ်နိုင်တဲ့ ဆဲလ်တွေရှိလို့
၁။ (ခ) ယားယံစေနိုင်တဲ့ ပဋိပစ္စည်းတွေ ထွက်လာလို့
ကိုယ်နဲ့ဓာတ်မတည့်တာ တစ်ခုခုနဲ့တွေ့ထိမိပါက ဓာတ်မတည့်မှုဖြစ်တတ်ပါတယ်။ အဲဒီအခါ အရေပြားယားယံပြီး အနီရောင်အပြင်လိုက်ကြီးဖြစ်ကာ အရေပြားကြမ်းလာတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဓာတ်မတည့်တဲ့အရာတွေကို တိုက်ထုတ်ဖို့ ခန္ဓာကိုယ်ကနေပြီး ခုခံအားစနစ်ကနေ ပဋိပစ္စည်းတွေထွက်လာစေပါတယ်။ အဲဒီကနေ ဟစ်(စ်)တမင်းဓာတ်တွေကိုပါ ထွက်ရှိစေတာကြောင့် အရေပြားယားယံနီရဲလာတာပဲဖြစ်ပါတယ်။
၂။ အောက်ပါတို့အနက်ဘယ်အရာက အရေပြားဓာတ်မတည့်မှုကို ဖြစ်စေနိုင်ပါသလဲ။
(က) ဝတ်မှုန်
(ခ) ရာဘာစေး
(ဂ) အေးတဲ့ရာသီဥတု
(ဃ) အပေါ်ကအချက်အားလုံး
၂။ (ဃ) အပေါ်ကအချက်အားလုံး
ဝတ်မှုန်၊ ရာဘာစေး၊ အေးတဲ့ရာသီဥတုတို့က ကိုယ်ခံအားစနစ်ထိခိုက်လွယ်သူတွေမှာ အရေပြားဓာတ်မတည့်မှု ဖြစ်စေနိုင်ပါတယ်။ တခြားဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့အရာတွေကတော့ တိရစ္ဆာန်အမွှေး၊ ပူတဲ့ရာသီဥတု၊ အစားအစာ၊ အပင်၊ ပိုးမွှား၊ ဆေးဝါးတို့ပဲဖြစ်ပါတယ်။
၃။ အဆိပ်ရှိနွယ်ပင်ကို ထိမိရင် အမြဲဓာတ်မတည့်မှု ဖြစ်နိုင်လား။
(က) မှန်
(ခ) မှား
၃။ (ခ) မှား
အဆိပ်ရှိနွယ်ပင်ကို ထိမိရင် အမြဲဓာတ်မတည့်မှု ဖြစ်စေနိုင်တယ်ရယ်တော့ မဟုတ်ပါဘူး။ ဘယ်လောက်ထိမိသလဲဆိုတာရယ်၊ ဘယ်ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ထိမိသလဲဆိုတာရယ်ပေါ် မူတည်ပါတယ်။ မျက်နှာလိုနေရာမျိုးကတော့ အထိအခိုက်လွယ်လို့ ထိမိရင် အလာဂျီထွက်နိုင်ပါတယ်။
လူဦးရေ ၁၅ ရာခိုင်နှုန်းလောက်ကဆိုရင် ဘယ်လိုပဲထိထိ ဘယ်နေရာပဲထိထိ အလာဂျီဖြစ်မလာတတ်ပါဘူး။ အဆိပ်ရှိနွယ်ပင်တွေမှာပါတဲ့ Urushiol အဆီနဲ့ ဓာတ်မတည့်တာမျိုး မရှိတာကြောင့်ပါ။
၄။ နှင်းခူရှိတဲ့ကလေးတွေမှာ ဒီရောဂါတွေလည်း ရှိလာနိုင်တယ်။
(က) ပန်းဝတ်မှုန်ကြောင့်ဖြစ်တဲ့ ဖျားနာခြင်း (Hay Fever)
(ခ) အစားအစာ ဓာတ်မတည့်တာ
(ဂ) ရင်ကြပ်ရောဂါ
(ဃ) အပေါ်က အချက်အားလုံး
၄။ (ဃ) အပေါ်က အချက်အားလုံး
ဒီရောဂါတွေအကုန်လုံးက ဓာတ်မတည့်တာကြောင့် ဖြစ်တတ်ကြတဲ့ ရောဂါတွေပဲဖြစ်ပါတယ်။ ပန်းဝတ်မှုန်ကြောင့်ဖြစ်တဲ့ ဖျားနာခြင်း (Hay Fever)၊ အစားအစာ ဓာတ်မတည့်တာ၊ ရင်ကြပ်ရောဂါတို့က အသက်ကြီးလာတာနဲ့အမျှ ပိုပိုဆိုးလာတတ်ပါတယ်။ နှင်းခူရောဂါကတော့ အသက်ကြီးလာတဲ့အခါ သက်သာလာတတ်ပါတယ်။
၅။ ဘယ်သတ္တုနဲ့လုပ်ထားတဲ့ လက်ဝတ်ရတနာတွေက ဓာတ်မတည့်မှုဖြစ်နိုင်ချေအများဆုံးလဲ။
(က) အလူမီနီယံ
(ခ) နီကယ်
(ဂ) ရိုဒီယမ်
၅။ (ခ) နီကယ်
ဖန်စီလက်ဝတ်ရတနာတွေမှာတွေ့ရတတ်တဲ့ နီကယ်ဓာတ်က အရေပြားမှာဓာတ်မတည့်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။ ဓာတ်မတည့်တာတစ်ခုခုကို ထိမိ၊ သုံးမိတဲ့အခါမျိုးမှာ ဖြစ်တတ်ပြီး “Allergic Contact Dermatitis” လို့ ခေါ်ပါတယ်။ ကိုယ်အသုံးပြုတဲ့ ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာမှုန့်၊ ဘော်ဒီလိုးရှင်း၊ ဘော်ဒီစပရေးတို့မှာ ကိုယ်နဲ့မတည့်တာတွေပါနေရင်လည်း ဖြစ်တတ်ပါတယ်။
၆။ ကြေးနီနဲ့ ဓာတ်မတည့်ရင် ဘယ်ဟာနဲ့လဲ ဓာတ်မတည့်နိုင်လဲ။
(က) အလူမီနီယံ
(ခ) တိုက်တေနီယမ်
(ဂ) 14k ရွှေ
၆။ (ဂ) 14k ရွှေ
ရွှေက ရွှေချည်းသက်သက်ဆိုရင် နူးညံ့ပြီး မတည့်တာရှားပါတယ်။ ရွှေကိုမာအောင် တခြားသတ္တုတွေထည့်လေ့ရှိကြပါတယ်။ ၁၄ ကာရက် ရွှေက ၅၈ ရာခိုင်နှုန်းပဲ ရွှေပါကာ ကျန်တာက သတ္တုတွေရောထားတာပါ။ ကြေးနီ၊ နီကယ်တို့လို သတ္တုတွေလည်း ပါတတ်လို့ ဒီသတ္တုတွေနဲ့ ဓာတ်မတည့်ပါက ၁၄ကာရက်ရွှေနဲ့လည်း ဓာတ်မတည့်နိုင်ပါ။
၇။ ခရုတွေနဲ့ ဓာတ်မတည့်သူတွေ ပုဇွန်ကို ပထမဆုံးစစားမိတဲ့အခါမျိုးမှာလည်း အရေပြားယားယံတတ်တယ်။
(က) မှန်
(ခ) မှား
၇။ (ခ) မှား
အစားအစာနဲ့ဓာတ်မတည့်ရင် အင်ပျဉ်တွေထွက်လာတတ်ပါတယ်။ ပိုဆိုးပါက လျှာယောင်တာ၊ အော့အန်တာ၊ အသက်ရှူရခက်တာတွေပါ ဖြစ်လာတတ်ပါတယ်။ ဒါပေမဲ့ ပထမဆုံးစစားမိတဲ့အခေါက်မှာတော့ ဒီလက္ခဏာတွေ မဖြစ်တတ်ပါဘူး။ ကိုယ်နဲ့ဓာတ်မတည့်တဲ့အရာတွေကို ပထမဆုံး ထိမိတဲ့အခါ၊ ဓာတ်မတည့်တဲ့အစားအသောက်တွေကို ပထမဆုံးစားသောက်မိတဲ့အခါ ကိုယ်ခံအားစနစ်ကနေပြီး အန္တရာယ်ရှိတဲ့အရာတွေလို့ ဆုံးဖြတ်ကာ ပဋိပစ္စည်းတွေ ထွက်ရှိစေပါတယ်။ နောက်တစ်ခါ ထိမိတဲ့အခါ၊ စားသောက်မိတဲ့အခါမှာတော့ ဒီ ပဋိပစ္စည်းကြောင့် ဓာတ်မတည့်မှု လက္ခဏာတွေကို ဖြစ်လာစေပါတယ်။
၈။ တချို့အရာတွေက သုံးပြီးလို့နေပူထဲထွက်တဲ့အခါမှ အလာဂျီဖြစ်လာတတ်တာပါ။
(က) မှန်
(ခ) မှား
၈။ (က) မှန်
ဓာတ်မတည့်တာတစ်ခုခု သုံးပြီးလို့ နေပူထဲထွက်တဲ့အခါမှ အလာဂျီဖြစ်လာတတ်တာမျိုးကို “Photoallergic Contact Dermatitis” လို့ ခေါ်ပါတယ်။ မုတ်ဆိတ်ရိတ်ခရင်(မ်)၊ လိုးရှင်း၊ ရေမွှေးတို့မှာပါတတ်တဲ့ ဓာတ်မတည့်စေနိုင်တဲ့ပစ္စည်းတစ်ခုခုကို အသုံးပြုမိပြီဆိုပါစို့။ ဒီဓာတ်မတည့်စေနိုင်တဲ့ပစ္စည်းတွေက သူ့ဟာသူတော့ ဘာမှမဖြစ်စေနိုင်ပေမဲ့ နေရောင်ခြည်နဲ့ ထိတွေ့မိတာနဲ့ တပြိုက်နက် အရေပြားမှာ ယားယံတဲ့အနီကွက်တွေ ပေါ်လာစေပါတော့တယ်။
၉။ အရေပြားဓာတ်မတည့်မှုကို သိနိုင်ဖို့ ဘယ်စမ်းသပ်နည်းကို သုံးလေ့ရှိပါသလဲ။
(က) A patch test
(ခ) သွေးစစ်နည်း
၉။ (က) A patch test
သင့်အရေပြား တစ်ခုခုနဲ့ ဓာတ်တည့်မတည့်သိနိုင်ဖို့ ဆရာဝန်က ဓာတ်မတည့်စေနိုင်တဲ့ပစ္စည်း ၂၀ ကနေ ၃၀ ကြား ပါဝင်တဲ့ အရွက်ကို သင့်လက်မောင်းဖြစ်ဖြစ် သင့်နောက်ကျောဖြစ်ဖြစ်မှာ ကပ်ပြီး စမ်းသပ်ကြည့်ပါလိမ့်မယ်။ ၄၈နာရီကြာထားပြီးမှ ဆရာဝန်က ဖယ်ရှားပေးပါလိမ့်မယ်။ ကပ်ထားတဲ့နေရာမှာ နီရဲယောင်ယမ်းတာတွေဖြစ်ပါက ဒီအရာတွေနဲ့ ဓာတ်မတည့်တာသေချာနေပါပြီ။
၁၀။ ဓာတ်မတည့်မှုလက္ခဏာတွေကို ရှောင်ဖို့အကောင်းဆုံးနည်းလမ်းက
(က) ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့အရာတွေကနေရှောင်ရန်
(ခ) ဓာတ်မတည့်မှု စမ်းသပ်စစ်ဆေးချက်တွေမှန်မှန်ပြုလုပ်ရန်
၁၀။ (က) ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့အရာတွေကနေရှောင်ရန်
သင့်အရေပြားက ဘယ်အရာတွေကို လက်မခံနိုင်ဘူးလဲဆိုတာကို သိရင် ထိုအရာတွေကို မသုံးဘဲရှောင်ရှားတာက အကောင်းဆုံးနည်းပါ။ ဒါပေမဲ့လည်း တစ်ခါတလေ ဘယ်အရာတွေနဲ့ မတည့်လဲဆိုတာ မသိနိုင်တာကြောင့် ဓာတ်မတည့်တာကတော့ ဖြစ်လာနိုင်ပါတယ်။ အရေပြားနီရဲယောင်ယမ်းလာပါက သကိသာအောင် ခရင်(မ်)ဖြစ်ဖြစ် လိမ်းဆေးဖြစ်ဖြစ်လိမ်းပေးထားပါ။ Caladryl ဆေးပန်းရောင် လိမ်းထားရင်လည်း သက်သာပါလိမ့်မယ်။ တစ်ကိုယ်လုံးအနှံ့ဖြစ်နေရင်တော့ ဆရာဝန်သွားပြပါ။ လိုအပ်ရင် လိမ်းဆေးရော၊ သောက်ဆေးပါ ပေးပါလိမ့်မယ်။
ဒေါက်တာနုမြတ်သိင်္ဂီဦး