ကိုယ်ဝန်ဆောင် အစားအစာတွေနဲ့ ပတ်သက်ပြီးသင်ဘယ်လောက်သိပါသလဲ


ကိုယ်ဝန်ဆောင်တွေအတွက် အရေးကြီးတာက စားတဲ့အစားအစာတွေပါ။ ကိုယ်ဝန်ဆောင်တွေအနေနဲ့ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို စားပေးဖို့ လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ဘာတွေကိုစားသင့်ပြီး ဘာတွေကိုရှောင်သင့်လဲဆိုတာကို ဒီ Quiz လေးဖြေပြီး ဆန်းစစ်ကြည့်ကြရအောင်။
၁။ ကိုယ်ဝန်ဆောင်တွေမှာ ဘယ်အရာကိုချဉ်ခြင်းတက်နေတာက စားနေတဲ့ အစားအစာတွေထဲ အရေးကြီးတဲ့ဓာတ် လိုအပ်နေကြောင်း ဖော်ပြနေပါသလဲ။
(က) ချောကလက်
(ခ) မုန်လာဥ
(ဂ) ရေခဲ
(ဃ) ချိစ်ဘာဂါ
၁။ (ဂ) ရေခဲ
ကိုယ်ဝန်ဆောင်ချိန် ချင်ခြင်းတက်တာ ပုံမှန်ပါ။ ချင်ခြင်းတက်တဲ့အစာကို စားပေးလို့ရပါတယ်။ လွန်လွန်ကြူးကြူး မစားမိအောင်ပဲ သတိထားပါ။ ဒါပေမဲ့ အစားအသောက်မဟုတ်တဲ့ ရေခဲ၊ အဝတ်လျှော်ဆပ်ပြာမှုန့်၊ ရွှံ့စေး၊ မြေဖြူတွေကို ချင်ခြင်းတက်တာကတော့ ပုံမှန်မဟုတ်ပါဘူး။ ခန္ဓာကိုယ်ထဲမှာ သံဓာတ်တွေ၊ ဇင့်ဓာတ်တွေ အားနည်းနေတာကို ဖော်ပြနေတာပါ။ အဲ့ဒါတွေချဉ်ခြင်းတက်နေရင် ကိုယ်ဝန်အပ်ထားတဲ့ ဆရာဝန်ကို ပြောပြလိုက်ပါ။ အစားအသောက်မဟုတ်တာတွေကို စားတာက သင်နဲ့သင့်ရင်သွေးအတွက် အန္တရာယ်ရှိပါတယ်။


၂။ ကိုယ်ဝန်ဆောင်တွေအတွက် ပဲပင်ပေါက်စိမ်းက စိတ်ချရလား။
(က) စိတ်ချရတယ်။
(ခ) စိတ်မချရပါ။
၂။ (ခ) စိတ်မချရပါ။
FDA အရ ဘယ်ပဲပင်ပေါက်အစိမ်းမဆို ကိုယ်ဝန်ဆောင်တွေအတွက် စိတ်မချရပါ။ ဘယ်လောက်ပဲ ဆေးကြောသန့်စင်ထားထား အန္တရာယ်ရှိ ဘက်တီးရီးယားပိုးတွေ ကပ်ငြိနေနိုင်ပါတယ်။ ဒါကြောင့်တို့စရာအနေနဲ့ ပဲပင်ပေါက်ကို အစိမ်းမစားသင့်ပါ။ ကျက်အောင်ပြုတ်ပြီးမှ စားပါ။


၃။ ကိုယ်ဝန်ဆောင်နေတုန်း မုန်လာဥအများကြီးစားရင် မွေးလာတဲ့ကလေးကလည်း မုန်လာဥကြိုက်လာနိုင်ပါသလား။
(က) မှန်
(ခ) မှား
၃။ (က) မှန်
ကိုယ်ဝန်ဆောင်စဉ် စားလေ့ရှိတဲ့ အစားအစာတွေရဲ့ အရသာကို ဝမ်းထဲလွယ်ထားတဲ့ ရင်သွေးငယ်က ရင်းနှီးနေတတ်ပါတယ်။ ကလေးမွေးလာတဲ့အခါမှာလည်း ကိုယ်ဝန်ဆောင်စဉ်က အစားများခဲ့တဲ့ အစားအစာတွေကို ကလေးငယ်လေးက ကြိုက်လေ့ရှိပါတယ်။


၄။ အစပ်စာတွေစားတာက ကလေးကိုမြန်မြန်မွေးစေနိုင်တယ်။
(က) မှန်
(ခ) မှား
၄။ (ခ) မှား
အစပ်စာတွေက ကလေးမြန်မြန်မွေးစေတတ်တယ်လို့ ထင်ထားကြပေမဲ့ တကယ်တမ်းသက်သေမရှိပါဘူး။ တချို့ကိုယ်ဝန်ဆောင်တွေက အစပ်စာတွေကို ချဉ်ခြင်းတက်ကြပါတယ်။ အစပ်စာတွေက ရင်ပူစေတာကြောင့် ကိုယ်ဝန်ဆောင်တွေအနေနဲ့ အများကြီး မစားသင့်ပါဘူး။


၅။ ကိုယ်ဝန်ဆောင်ချိန်မှာ ကဖင်းဓာတ်ကို လုံးဝရှောင်သင့်ပါတယ်။
(က) မှန်
(ခ) မှား
၅။ (ခ) မှား
ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကဖင်းဓာတ်များစွာ မစားသောက်သင့်ဘူးဆိုပေမဲ့ လုံးဝရှောင်စရာတော့ မလိုပါဘူး။ တစ်နေ့ကို ကဖင်းဓာတ် ၂၀၀ မီလီဂရမ်အောက် သောက်လို့ရပါတယ်။ ကော်ဖီခွက် ၂ ခွက်စာပေါ့။ ဒီပမာဏအောက် ကဖင်းဓာတ်က ကိုယ်ဝန်ပျက်ကြတာတို့၊ လမစေ့ကိုယ်ဝန်တို့နဲ့ ဆက်စပ်မှုမရှိပေမဲ့ မွေးစကလေး ပေါင်မပြည့်တာနဲ့ဆက်စပ်မှုရှိမရှိကတော့ သေချာမသိသေးပါဘူး။ ဒါကြောင်ကိုယ်ဝန်ဆောင်တွေအနေနဲ့ မနက်ဘက်ကော်ဖီသောက်လေ့ရှိရင် တစ်ခွက်လောက်တော့ သောက်နိုင်ပါတယ်။ ကဖင်းဓာတ်ကို လုံးဝရှောင်ချင်တယ်ဆိုရင်တော့ ကဖင်းဓာတ်ထုတ်ထားတဲ့ Decaffinated ကော်ဖီတွေကို အစားထိုးသောက်နိုင်ပါတယ်။


၆။ ဆေးဘက်ဝင်ရေနွေးကြမ်း (Herbal tea) တွေမှာ ကဖင်းဓာတ်မပါတော့ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကော်ဖီအစားထိုးသောက်ပေးဖို့ကောင်းပါတယ်။
(က) မှန်
(ခ) မှား
၆။ (ခ) မှား
ပူစီနံ၊ ရက်(စ်)ဘယ်ရီရွက်တို့လို သစ်ရွက်၊ သစ်မြစ်တွေနဲ့ ဖော်စပ်ထားတဲ့ ဆေးဖက်ဝင်ရေနွေးကြမ်းတွေမှာ ကဖင်းဓာတ်ပါဝင်လေ့မရှိပါဘူး။ ဒါပေမဲ့ ဒီရေနွေးကြမ်းတွေထဲ ဘာတွေပါဝင်သလဲ အတိအကျမသိရသလို ကိုယ်ဝန်ဆောင်တွေနဲ့ မတည့်တာတွေပါလာမှာလည်း စိုးရိမ်ရတာကြောင့် သိပ်စိတ်မချရပါဘူး။ တခြားရေနွေးကြမ်းတွေဖြစ်တဲ့ Black tea၊ White Tea နဲ့ လက်ဘက်စိမ်းတို့ကတော့ ကဖင်းဓာတ်အနည်းငယ်ပါဝင်ပေမဲ့ စိတ်ချရလို့ အသင့်အတင့် သောက်ပေးနိုင်ပါတယ်။


၇။ ဖောလစ်အက်ဆစ်အားဆေးကို ဘယ်အချိန်ကတည်းက သောက်ပေးရမလဲ။
(က) ကိုယ်ဝန်ရှိမှန်းသိတာနဲ့တပြိုက်နက်
(ခ) ကိုယ်ဝန်စယူကတည်းက
(ဂ) ကိုယ်ဝန်ရဖို့ ကြိုးစားမနေရင်တောင်
၇။ (ဂ) ကိုယ်ဝန်ရဖို့ ကြိုးစားမနေရင်တောင်
ဖော်လစ်အက်ဆစ်က ရင်သွေးငယ်ရဲ့ ကျောရိုးနဲ့ဦးနှောက်မှာ အဓိကကျတဲ့မွေးရာပါရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကိုယ်ဝန်မရခင်ကတည်းကနဲ့ ကိုယ်ဝန်အစောပိုင်းကတည်းက သောက်ထားမှ ကာကွယ်ပေးနိုင်တာပါ။ ကိုယ်ဝန်က မမျှော်လင့်ဘဲလည်း ရသွားနိုင်တဲ့အတွက် အရွယ်ရောက်ပြီးသူ အမျိုးသမီးတိုင်း ဖော်လစ်အက်ဆစ်ကို တစ်နေ့ ၄၀၀ မိုက်ခရိုဂရမ် သောက်ပေးသင့်ပါတယ်။ Multivitamin အားဆေးအများစုမှာ ဒီပမာဏက ပါလေ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်တွေအနေနဲ့ အနည်းဆုံး ဖော်လစ်အက်ဆစ် ၆၀၀ မိုက်ခရိုဂရမ် သောက်သင့်ပါတယ်။ တချို့ကိုယ်ဝန်ဆောင်အားဆေးတွေမှာ ဒီပမာဏပါပေမဲ့ တချို့မှာ မပါတဲ့အတွက် သက်သက်သောက်ပေးရပါမယ်။


၈။ ဟောဒေါ့နဲ့ ဝက်အူချောင်းတို့ကို ကျက်အောင်ချက်ထားပြီး ပူနွေးနေပါက ကိုယ်ဝန်ဆောင်တွေ စားလို့ရပါတယ်။
(က) မှန်
(ခ) မှား
၈။ (က) မှန်
ကျက်အောင်ချက်ထားပြီး ပူနွေးတဲ့အစားအစာတွေဆိုရင် စိတ်ချရပါတယ်။ အစိမ်းဆိုရင် မိခင်အတွက်ရော ကလေးအတွက်ပါ အစာအဆိပ်သင့်တတ်ပါတယ်။ ဒါကြောင့်ကိုယ်ဝန်ဆောင်ချိန် ဘာပဲစားစား ကျက်အောင်ချက်စားပြီး ပူပူနွေးနွေးစားသင့်ပါတယ်။


၉။ ဂျင်းတွေက ကိုယ်ဝန်ဆောင်ချိန် မူးဝေအော့အန်ခြင်းကို သက်သာစေနိုင်ပါတယ်။
(က) မှန်
(ခ) မှား
၉။ (က) မှန်
ကံကောင်းတဲ့ကိုယ်ဝန်ဆောင်တချို့မှာ မူးဝေအော့အန်တာမဖြစ်တတ်ပါဘူး။ မူးဝေအော့အန်တတ်ပါကလည်း ပထမသုံးလပတ်ကျော်ရင် ပျောက်ကင်းလေ့ရှိပါတယ်။ တစ်နေ့ကို ဂျင်း တစ်ဂရမ်လောက်စာပေးတာက မူးဝေအော့အန်တာကို သက်သာစေပါတယ်။ သံပုရာရည်နဲ့ ဆားငန်မုန့်တို့ကလည်း သက်သာစေပါတယ်။ နေ့တိုင်း ခဏခဏအန်နေရင်၊ ပျို့တာပြင်းထန်ရင်တော့ ဆရာဝန်ကို အသိပေးလိုက်ပါ။


၁၀။ အောက်ပါတို့အနက် ဘယ်အရာက ကိုယ်ဝန်ဆောင်တွေအတွက် အန္တရာယ်မကင်းဘူးလဲ။
(က) ကြက်ဥအကျက်ပြုတ်
(ခ) ကြက်ဥအစိမ်း
(ဂ) ကြက်ဥပေါင်း
၁၀။ (ခ) ကြက်ဥအစိမ်း
ကြက်ဥက ပရိုတင်းအသားဓာတ်ကြွယ်ဝလို့ ကိုယ်ဝန်ဆောင်တွေစားသင့်တဲ့ အစားအစာပါ။ ဒါပေမဲ့ ကြက်ဥကို ကျက်အောင်ချက်ဖို့တော့လိုပါလိမ့်မယ်။ ကြက်ဥအစိမ်းတွေက အန္တရာယ်ရှိဘက်တီးရီးယားဖြစ်တဲ့ ဆယ်မွန်နဲလားပိုးတွေ ရှိတတ်ပါတယ်။ ဒါကြောင့် ကြက်ဥကိုမကျက်တကျက်ပြုတ်တာတို့ အစိမ်းစားတာတို့ကို ကိုယ်ဝန်ဆောင်တွေအနေနဲ့ရှောင်သင့်ပါတယ်။ ကြက်ဥကိုပြုတ်ပဲပြုတ်ပြုတ်၊ ကျော်ပဲကျော်ကျော် အနှစ်ရောအကာပါ ကျက်နေဖို့လိုပါတယ်။


၁၁။ ကိုယ်ဝန်ဆောင်သက်သက်လွတ်သမားတွေမှာ ဘယ်ဓာတ်တွေ မလောက်မင ဖြစ်နေတတ်သလဲ။
(က) ဗီတာမင်ဒီ
(ခ) ဗီတာမင်ဘီ ၁၂
(ဂ) သံဓာတ်
(ဃ) အပေါ်ကဓာတ်အားလုံး
၁၁။ (ဃ) အပေါ်ကဓာတ်အားလုံး
ကိုယ်ဝန်ဆောင်ဖြစ်ပေမဲ့ သက်သက်လွတ်စားသူဖြစ်ပါက ဆရာဝန်ကို အကျိုးကြောင်းပြောကာ အားဆေးတောင်းသင့်ပါတယ်။ သက်သက်လွတ်စားမယ်ဆိုပါက ဗီတာမင် ဘီ ၁၂၊ ဗီတာမင်ဒီနဲ့ သံဓာတ်တို့် မလောက်မငဖြစ်တတ်ပါတယ်။ ဘီတာမင်ဘီ ၁၂ ကို အသားတွေကနေ အများဆုံးရရှိတတ်ပါတယ်။ ဗီတာမင်ဒီကတော့ နို့နဲ့နို့ထွက်ပစ္စည်းတွေကနေ ရတတ်ပါတယ်။ တစ်ပတ်ကို သုံးကြိမ် တစ်ကြိမ်ကို ၁၀မိနစ်ကနေ ၁၅မိနစ်ကြာ မနက်ခင်းနေရောင်ခြည်ခံပေးရင်လည်း ဗီတာမင်ဒီ အလုံအလောက်ရနိုင်ပါတယ်။ သံဓာတ်ကတော့ ပဲအမျိုးမျိုး၊ ပဲပိစပ်၊ ဟင်းနုနယ်၊ ရေညှိတို့လို အစားအစာတွေကနေ ရတတ်ပါတယ်။ သက်သက်လွတ်သမားတွေမှာတော့ အသားစားသူတွေထက် သံဓာတ်နှစ်ဆလောက်လိုအပ်ပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်တွေဆိုပိုလို့တောင် လိုအပ်သေးတာမလို့ သံဓာတ်အားဖြည့်ဆေး သောက်ဖို့လိုပါလိမ့်မယ်။


၁၂။ ကိုယ်ဝန်ဆောင်တွေအတွက် ဘယ်ငါးတွေက စိတ်ချရသလဲ။
(က) ငါးမန်း
(ခ) ငါးခူ
(ဂ) ဓါးရှည်နှုတ်သီးငါး
၁၂။ (ခ) ငါးခူ
ငါးစားတာက ကိုယ်ဝန်ဆောင်မိခင်ရော ရင်သွေးငယ်အတွက်ပါ ကောင်းမွန်ပါတယ်။ ဒါပေမဲ့ တချို့ငါးတွေမှာ အန္တရာယ်ရှိတဲ့ မာကျူရီတွေများစွာပါရှိနေတတ်ပါတယ်။ ဓါးရှည်နှုတ်သီးငါး၊ ငါးမန်း၊ Tile Fish နဲ့ King မက်ကရယ်ငါးတွေမှာ မာကျူရီအများဆုံးပါရှိနေတတ်လို့ ကိုယ်ဝန်ဆောင်တွေ ရှောင်သင့်ပါတယ်။
မာကျူရီနည်းနည်းပဲပါတဲ့ငါးတွေက ကျက်အောင်ချက်ထားရင် စိတ်ချရပါတယ်။ တစ်ပတ်ကို ငါး၊ ပုစွန် ၁၂အောင်စလောက်စားပေးသင့်ပါတယ်။ မာကျူရီနည်းတဲ့ ပင်လယ်စာတွေကတော့ ပုစွန်၊ တူနာ၊ ဆယ်လ်မွန်၊ ခုံး၊ ငါးခူတို့ပဲဖြစ်ပါတယ်။

ဒေါက်တာနုမြတ်သိင်္ဂီဦး

Dr.Nu Myat Theingi Oo


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s