စိတ်ဖိစီးမှု  

13177320_1162857007090306_6793283639366617972_n

ကိစ္စများမြောင်တဲ့ ဒီလူ့ဘောင်လောကမှာ နေထိုင်ကြရတဲ့ ကျွန်မတို့လူသားတွေဟာ နေ့စဉ်နဲ့အမျှ စိန်ခေါ်ယှဉ်ပြိုင်မှု တွေ၊ ကံကြမ္မာအလှည့်အပြောင်းတွေနဲ့ ကြုံဆုံရတဲ့အတွက် စိတ်ဖိစီးမှုနဲ့ တစ်ကြိမ်မဟုတ် တစ်ကြိမ် ထိပ်တိုက်ရင်ဆိုင်ကြုံ တွေ့ဖူးကြမှာပါ။ ဒီလို လူတိုင်းကြုံတွေ့ဖူးတဲ့ စိတ်ဖိစီးမှုဆိုတာ ဘာလဲ၊ ဘာကြောင့်စိတ်ဖိစီးမှုဖြစ်ရတာလဲ၊ စိတ်ဖိစီးမှုက ကျန်းမာရေးကို ဘယ်လိုထိခိုက်နိုင်သလဲ၊ စိတ်ဖိစီးမှုမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲနဲ့ စိတ်ဖိစီးမှုပြေပျောက်စေမယ့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

♥ စိတ်ဖိစီးမှုဆိုတာဘာလဲ

ဖိစီးမှုဆိုတာ ကျွန်မတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အကြောင်းအရာတွေအပေါ် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်း ဆိုင်ရာက တုံ့ပြန်ခြင်းတစ်မျိုးပဲဖြစ်ပါတယ်။ အခက်အခဲတွေ၊ ဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့တဲ့အခါ ခန္ဓာကိုယ်ရဲ့ ခုခံတဲ့စနစ် က ချရင်ချ၊ မချရင်ပြေး တုန့်ပြန်မှု (Fight-or-flight response)ဆိုတဲ့ အန္တရာယ်ရင်ဆိုင်တဲ့ သတိဖြစ်စဉ်ကို အလိုလိုအလျင် အမြန်ပြောင်းလဲသွားပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုဖြစ်တဲ့အခါ နှလုံးခုန်ခြင်း၊ ကြွက်သားတောင့်တင်းခြင်း၊ အသက်ရှူမြန်ခြင်း၊ အရာရာကို သတိထားနေခြင်းစတဲ့ လက္ခဏာတွေဖြစ်ပေါ်လာတတ်တာဖြစ်ပါတယ်။

စိတ်ဖိစီးမှုကို တုံ့ပြန်ခြင်းဟာ ကျွန်မတို့ကို ကာကွယ်ဖို့ အားပေးဖို့ဖြစ်ပေါ်လာတာပါ။ ဒါကြောင့်လည်း သမိုင်းဦးခေတ် က ကျောက်ခေတ်လူသားတွေဟာ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ ကျော်လွှားနိုင်ခဲ့ကြတာဖြစ်ပါတယ်။ အခု ခေတ်မှာတော့ ကျွန်မတို့တွေ့ကြုံခံစားနေရတဲ့ စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေတာကတော့ ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်တွေထက် စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေပဲဖြစ်ပါတယ်။ ဘာကြောင့်ပဲ စိတ်ဖိစီးမှုဖြစ်ဖြစ်၊ စိတ်ဖိစီးမှုဒဏ်ကြာရှည်စွာ ခံစားနေရမယ်ဆို ရင် ဒါမှမဟုတ် မကြာခဏ စိတ်ဖိစီးမှုဖြစ်ပေါ်နေမယ်ဆိုရင် ကျန်းမာရေးအတွက် မကောင်းတာအမှန်ပါပဲ။ ဒါကြောင့် စိတ်ဖိစီး မှုဒဏ်မှ ကင်းဝေးအောင် အတတ်နိုင်ဆုံး ပြုမူနေထိုင်ကြရမှာဖြစ်ပါတယ်။

♥ ဘာကြောင့်စိတ်ဖိစီးမှုဖြစ်ရလဲ

စိတ်ဖိစီးမှုဖြစ်ရတဲ့ အကြောင်းရင်းတွေများစွာရှိသလို တစ်ယောက်နဲ့တစ်ယောက်လည်းဖြစ်ရတဲ့ အကြောင်းရင်းတွေ မတူညီနိုင်ပါဘူး။ သင့်အတွက် စိတ်ဖိစီးမှုဖြစ်စေမယ့်အရာဟာ သူများတွေအတွက် ပျော်ရွှင်စရာတောင်ဖြစ်နေနိုင်ပါတယ်။ ဥပမာ သင်ဟာ မနက်ဘက်ရုံးအသွားမှာ မီးပွိုင့်မိ၊ ကားကျပ်ကာ ရုံးနောက်ကျမှာကို စိုးရိမ်ပြီး စိတ်ဖိစီးမှုတွေဖြစ်နေပေမယ့် တခြားသူတွေမှာတော့ အချိန်တွေပိုနေကာ သီချင်းလေးဖွင့်ပြီး အေးအေးဆေးဆေး ကားမောင်းနေတာမျိုးဖြစ်နေနိုင်ပါတယ်။

မကောင်းတဲ့အဖြစ်အပျက်တွေ(ဥပမာ-အလုပ်ရှုပ်ခြင်း၊ အိမ်ထောင်ရေးအဆင်မပြေခြင်း)ကသာ စိတ်ဖိစီးမှုဖြစ်စေနိုင် တယ်လို့ ထင်ရပေမယ့် တကယ်တမ်းကျတော့ အဆင်ပြေအောင်ညှိနှိုင်းဖြေရှင်းဖို့ ဖိအားပေးတဲ့အရာမှန်သမျှ စိတ်ဖိစီးမှုဖြစ် ပေါ်စေတဲ့အရာတွေပါပဲ။ အဲဒီထဲမှာ ကောင်းမွန်တဲ့အဖြစ်အပျက်တွေဖြစ်တဲ့ အိမ်ထောင်ပြုခြင်း၊ ရာထူးတက်ခြင်းတို့တောင် ပါဝင်ပါတယ်။ ဒါကြောင့် အဖြစ်အပျက်တစ်ခုက ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အဲဒီအဖြစ်အပျက်ကို အဆင်ပြေ အောင် ဖြေရှင်းညှိနှိုင်းဖို့အတွက် စိတ်တင်းအားတွေဖိအားတွေဖြစ်ပေါ်လာပါက နောက်ဆုံးရလဒ်က စိတ်ဖိစီးမှုပါပဲ။

♥ ကြီးမားသောဘဝအလှည့်အပြောင်းများ

ဘဝရဲ့ ကြီးမားတဲ့အပြောင်းအလဲတွေဖြစ်တဲ့ လင်မယားကွာရှင်းပြတ်စဲခြင်း၊ သားသမီးအိမ်မှစွန့်ခွာခြင်း၊ ကိုယ်ဝန် ဆောင်ခြင်း၊ တနယ်တကျေးသို့ရွှေ့ပြောင်းခြင်း၊ အလုပ်အကိုင်ပြောင်းခြင်း၊ ဘွဲ့ရခြင်း၊ ကင်ဆာရောဂါရှိကြောင်း သိရှိခြင်းစတဲ့ ဘယ်လိုအပြောင်းအလဲမျိုးမဆို ပိုပြီးရုတ်တရက်ပြောင်းလဲလေ စိတ်ဖိစီးမှုပိုများလေပါပဲ။ ဒါ့အပြင် တချိန်တည်းမှာပဲ အပြောင်းအလဲများများကြုံတွေ့ရလေ စိတ်ဖိစီးမှုပိုခံစားရလေပါပဲ။

♥ စိတ်ဖိစီးမှုဖြစ်စေသော နေ့စဉ်အဖြစ်အပျက်များ

ဘေးပတ်ဝန်းကျင်ကြောင့် စိတ်ဖိစီးခြင်း

လုံခြုံစိတ်ချရခြင်းမရှိတဲ့ အိမ်အနီးနားပတ်ဝန်းကျင်၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ဆူညံသံများ(ကားဟွန်းသံ၊ ကားဥသြ ဆွဲသံ၊ ခွေးဟောင်သံ၊ ကက်ဆက်သီချင်းသံ)နဲ့ သက်တောင့်သက်သာမရှိတဲ့ ဘဝနေထိုင်မှု အခြေအနေတွေဟာ စိတ်ဖိစီးမှု ကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ စစ်ဖြစ်ပွားနေတဲ့ ဒေသတွေနဲ့ ရာဇဝတ်မှုများပြားတဲ့ နေရာဒေသတွေမှာ နေထိုင်ကြသူများမှာ စိတ်ဖိစီးမှု အလွန်များပြားနေနိုင်ပါတယ်။

မိသားစုနှင့် ဆွေမျိုးများကြောင့် စိတ်ဖိစီးခြင်း

မိသားစုဝင်၊ မိတ်ဆွေသူငယ်ချင်း ချစ်စူစတဲ့ ရင်းနှီးတဲ့သူတွေနဲ့ အဆင်မပြေဖြစ်ခြင်းဟာ နေ့စဉ် စိတ်ဖိစီးမှုဖြစ်စေတဲ့ အဓိကအကြောင်းရင်းတစ်ရပ်ပါပဲ။ အိမ်ထောင်ရေးအဆင်မပြေခြင်း၊ သားသမီးများ ပြောဆိုဆုံးမရခက်ခဲခြင်း၊ နာတာရှည် လူမမာပြုစုစောင့်ရှောက်ရခြင်းနဲ့ ကလေးငယ်ကို အထူးဂရုစိုက်စောင့်ရှောက်ရခြင်းများဟာ စိတ်ဖိစီးမှုပမာဏကို မြင့်တက်စေနိုင်ပါတယ်။

အလုပ်ကြောင့် စိတ်ဖိစီးခြင်း

နေ့စဉ်နဲ့အမျှ အလုပ်လုပ်နေရတဲ့ဘဝမှာ အလုပ်ကြောင့် စိတ်ဖိစီးမှုဖြစ်ပေါ်တာမဆန်းပါဘူး။ အလုပ်အကိုင် စိတ်တိုင်းမကျခြင်း၊ အဆမတန်အလုပ်လုပ်ရခြင်း၊ ဝင်ငွေလစာ မလောက်ငခြင်း၊ အလုပ်စည်းကမ်း တင်းကြပ်လွန်းခြင်းနဲ့ အလုပ်ရှင် ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်များနဲ့ အဆင်မပြေခြင်းစတဲ့ အရာများကြောင့် စိတ်ဖိစီးမှုဖြစ်ပေါ်လာနိုင်ပါတယ်။

လူမှုရေးကြောင့် စိတ်ဖိစီးခြင်း

ဆင်းရဲခြင်း၊ ငွေလိုအပ်ခြင်း၊ အလုပ်အကိုင်မရှိခြင်း၊ အထီးကျန်ခြင်း၊ အားပေမယ့် ကျောထောက်နောက်ခံ များမရှိခြင်းတို့ဟာ စိတ်ဖိစီးမှုနဲ့ ယှဉ်တွဲတွေ့နေကျ အရာများပဲဖြစ်ပါတယ်။

♥ စိတ်ဖိစီးမှုဖြစ်စေသော အတွင်းစိတ်အကြောင်းအရာများ

မသေချာ မရေရာခြင်းများ ဒါမှမဟုတ် စိုးရိမ်ပူပန်စိတ်များခြင်း

မကောင်းမြင်တဲ့ အတွေးများတွေးခြင်း

ကိုယ့်ကိုယ်ကို ဝေဖန်ခြင်း

ယုတ္တိမရှိတာများကို မျှော်လင့်ခြင်း ဒါမှမဟုတ် ယုံကြည်ခြင်း

အကောင်းဆုံးတွေကို လိုလားခြင်း

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုလျော့နည်းခြင်း

ဒေါသထွက်လွန်းခြင်း ဒါမှမဟုတ် ဒေါသမျိုသိပ်ထားလွန်းခြင်း

ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု နည်းပါးခြင်း

♥ စိတ်ဖိစီးမှုအများဆုံးဖြစ်ပေါ်စေတဲ့ အကြောင်းအရာ (၁၀)ခု

၁။       လင်ယောက်ျား ဒါမှမဟုတ် ဇနီးမယးသေဆုံးခြင်း

၂။       ကွာရှင်းပြတ်စဲခြင်း

၃။       အိမ်ထောင်ပြိုကွဲခြင်း

၄။       ထောင်ကျခြင်း

၅။       ဆွေမျိုးသားချင်းအရင်းတစ်ယောက်ယောက် သေဆုံးခြင်း

၆။       ထိခိုက်ဒဏ်ရာရခြင်း ဒါမှမဟုတ် နေထိုင်မကောင်းဖြစ်ခြင်း

၇။       အိမ်ထောင်ကျခြင်း

၈။       အလုပ်ပြုတ်ခြင်း

၉။       အိမ်ထောင် ပြန်လည်သင့်မြတ်ခြင်း

၁၀။     အငြိမ်းစားယူခြင်း

550px-Accept-Criticism-While-at-Work-Step-3

♥ စိတ်ဖိစီးမှု၏ ရောဂါလက္ခဏာများ

စိတ်ဖိစီးမှုဟာ ကိုယ်ခန္ဓာနဲ့ စိတ်ခံစားချက်တို့ကို သွားရောက်ထိခိုက်စေရုံမျှမက အပြုအမူကိုပါ ပြောင်းလဲသွားစေနိုင် ပါတယ်။ စိတ်ဖိစီးမှုကြောင့် ဖြစ်ပေါ်လာတဲ့ လက္ခဏာရပ်တွေဟာ ခံနိုင်စွမ်းအားပေါ်မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် မတူညီဘဲ ကွဲပြားခြားနားနေတာကို တွေ့ရပါတယ်။ ကိုယ့်မှာ စိတ်ဖိစီးမှုတွေဖြစ်ပေါ်နေသလားဆိုတာကို အောက်ပါလက္ခ ဏာများအရ သိရှိနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ

မှတ်ဉာဏ်လျော့နည်းခြင်း

မပြတ်မသားတွေဝေခြင်း

အာရုံစူးစိုက်ရခက်ခဲခြင်း

ရှင်းရှင်းလင်းလင်းတွေးရခက်ခဲခြင်း

အကဲခတ်ညံဖျင်းခြင်း

မကောင်းမြင်ခြင်း

စိုးရိမ်ပူပန်လွန်းခြင်း

စိတ်ခံစားမှုဆိုင်ရာ လက္ခဏာရပ်များ

စိတ်တိုခြင်း၊ စိတ်မရှည်သည်းမခံနိုင်ခြင်း၊ ရန်လိုခြင်း

ဂဏာမငြိမ်ဖြစ်ခြင်း

စိုးရိမ်ကြောင့်ကြခြင်း

စိတ်အပြောင်းအလဲမြန်ခြင်း

စိတ်တင်းကြပ်နေခြင်း

အထီးကျန်အဖော်မဲ့သလို ခံစားနေရခြင်း

စိတ်ဓာတ်ကျခြင်း၊ မပျော်ရွှင်ခြင်း

ရုပ်ပိုင်းဆိုင်ရာလက္ခဏာရပ်များ

ခေါင်းကိုက်ခြင်း၊ ခါးနာခြင်း

ကြွက်သားများတင်းမာကာ ဇက်ကြောတက်ခြင်း

ဝမ်းလျှောခြင်း ဒါမှမဟုတ် ဝမ်းချုပ်ခြင်း

ခေါင်းမူးကာ ပျို့အန်ချင်နေခြင်း

အိပ်မပျော်ခြင်း

ရင်ဘတ်အောင့်ကာ နှလုံးခုန်မြန်ခြင်း၊ မောပန်းလွန်းခြင်း

ကိုယ်အလေးချိန်တက်ခြင်း ဒါမှမဟုတ် ကျခြင်း

အရေပြားရောဂါများဖြစ်ခြင်း(အင်ပျဉ်ယားနာထွက်ခြင်း၊ နှင်းခူဖြစ်ခြင်း)

လိင်စိတ်ကုန်ခမ်းခြင်း

မကြာခဏအအေးမိခြင်း

အပြုအမူဆိုင်ရာ လက္ခဏာရပ်များ

အစားပိုစားခြင်း ဒါမှမဟုတ် လျှော့စားခြင်း

ပိုအိပ်ခြင်း ဒါမှမဟုတ် လျော့အိပ်ခြင်း

တစ်ယောက်တည်း သီးသန့်နေထိုင်လိုခြင်း

အချိန်ဆွဲခြင်း၊ တာဝန်မယူလိုခြင်း

စိတ်ပြေလျှော့ဖို့အတွက် အရက်၊ ဆေးလိပ် ဒါမှမဟုတ် မူးယစ်ဆေးဝါးများသုံးစွဲခြင်း

စိတ်လှုပ်ရှားတဲ့ အကျင့်လက္ခဏာများ(ဥပမာ-လက်သည်းကိုက်ခြင်း)

သွားကြိတ်ခြင်း၊ အံကြိတ်ခြင်း

သာမန်ထက်ပိုတဲ့ လှုပ်ရှားမှုများ(ဥပမာ – အားကစားလုပ်ခြင်း၊ ဈေးဝယ်ထွက်ခြင်း)

တခြားသူများနဲ့ ရန်လိုက်ဖြစ်ခြင်း

မှတ်ထားဖို့က အထက်ဖော်ပြပါ စိတ်ဖိစီးမှု လက္ခဏာရပ်များဟာ တခြားစိတ်ပိုင်းဆိုင်ရာနဲ့ ဆေးပညာရပ်ဆိုင်ရာ ရောဂါ လက္ခဏာရပ်များလည်း ဖြစ်နေနိုင်ပါသေးတယ်။ ဒါကြောင့်မို့ မူမမှန်တဲ့ လက္ခဏာရပ်များကို ခံစားရတိုင်း ဘာကြောင့်ဖြစ် ရတယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိဖို့ ဆရာဝန်ထံ သွားပြသင့်ပါတယ်။

♥ ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ

စိတ်ဖိစီးမှုဖြစ်ရခြင်းအကြောင်းရင်းကို ရှာမတွေ့ဘဲ စိတ်ဖိစီးမှုဆက်တိုက်ဖြစ်ပေါ်နေရင် ဒါမှမဟုတ် မကြာခဏဖြစ် ပေါ်နေရင်

စိတ်ဖိစီးမှုဖြစ်ပေါ်တဲ့ ကိစ္စရပ်အများစုမှာ လက္ခဏာရပ်များဟာ အသေးစားများဖြစ်နေတတ်ပြီး ကြာကြာလည်းမခံပါ ဘူး။ အကယ်၍ လက္ခဏာရပ်များပိုမိုဆိုးရွားလာပြီး မကြာခဏဖြစ်ပေါ်လာရင် ဆရာဝန်နဲ့ပြသင့်ပါတယ်။

အကယ်၍ သင့်မှာ စိတ်ဖိစီးမှုနဲ့ မသက်ဆိုင်ဘူးလို့ထင်ရတဲ့ ရောဂါလက္ခဏာများရနေရင် ဒါမှမဟုတ် အရင်တုန်းက ခံစားရတာထက် ပိုဆိုးရွားတဲ့ လက္ခဏာများခံစားနေရရင် ဆရာဝန်ထံပြသင့်ပါတယ်။

အောက်ပါလက္ခဏာရပ်များထဲမှ တစ်ခုခုဖြစ်ပေါ်လာပါက ရဲစခန်းကို ဒါမှမဟုတ် အနီးဆုံးဆေးရုံဆေးခန်းကို အမြန်ဆုံးဆက်သွယ်သင့်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ပြုဖို့ အတွေးဝင်လာရင်

တခြားသူတွေကို အန္တရာယ်ပြုဖို့ အတွေးဝင်လာရင်

ရင်ဘတ်အောင့်လွန်းရင်

နှလုံးခုန်နှုန်းမြန်လွန်းရင်

ပုံမှန်ခေါင်းကိုက်သလိုမဟုတ်ဘဲ ခေါင်းကိုက်လွန်းနေရင်

ချက်ချင်းကုသမှု မခံယူလိုက်တာနဲ့ သင့်အပေါ် ဆိုးရွားတဲ့အန္တရာယ်ဖြစ်ပေါ်လာနိုင်တယ်လို့ ခံစားရတဲ့ အခြေအနေမျိုးဖြစ်ပေါ်ရင်

cover

♥ နာတာရှည် စိတ်ဖိစီးမှုနဲ့ ကျန်းမာရေး

နာတာရှည်စိတ်ဖိစီးမှုဖြစ်ပေါ်ခံစားနေရပါက တစ်နေ့ပြီးတစ်နေ့ တစ်နှစ်ပြီး တစ်နှစ် သင့်ကို အိုစာသွားစေနိုင်ပြီး လွတ်မြောက်ဖို့လမ်းလည်း မမြင်နိုင်တော့ပါဘူး။ စိတ်ဖိစီးမှုဒဏ်ကို ကာလကြာရှည်စွာ ခံစားရပါက စိတ်ကျန်းမာရေး ရော၊ ကိုယ်ကျန်းမာရေးကိုပါ အလွန်အမင်း ထိခိုက်လာနိုင်ပါတယ်။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သုတေသနပြုချက် များအရ နာမကျန်းဖြစ်မှုတွေ ၆၀ကနေ ၉၀ ရာခိုင်နှုန်းဟာ စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတာကိုတွေ့ရပါတယ်။ နေ့စဉ်နဲ့ အမျှ စိတ်ဖိစီးမှုတွေဖြစ်နေပါက နှလုံးသွေးကြောအဖွဲ့အစည်းကို ထိခိုက်စေနိုင်ပြီး ခုခံအားကိုလည်း ကျဆင်းလာစေ နိုင်ပါတယ်။ ရောဂါပိုးမွှားတွေကို တိုက်ဖျက်မှုနှုန်းလျော့ကျစေပြီး အစာခြေအဖွဲ့အစည်းလုပ်ငန်းဆောင်တာ လျော့ ကျစေကာ ကိုယ်ဝန်ဆောင်ဖို့ ခက်ခဲစေတဲ့အပြင် ကလေးတွေမှာ ကြီးထွားမှုနှုန်းကိုလည်း ရပ်တန့်စေနိုင်တာ တွေ့ရ ပါတယ်။

စိတ်ဖိစီးမှုကြောင့် ဖြစ်ပေါ်လာနိုင် ဒါမှမဟုတ် ပိုဆိုးလာနိုင်တဲ့ ရောဂါတချို့ကတော့ နာတာရှည်နာကျင်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ အနာပေါက်ခြင်း၊ သွေးတိုးခြင်း၊ နှလုံးပူခြင်း၊ ဆီးချိုရောဂါ၊ ရင်ကြပ်ရောဂါ၊ နှလုံးရောဂါ၊ အဝလွန်ခြင်း၊ ဓမ္မတာအကြိုရောဂါလက္ခဏာခံစားရခြင်း၊ မြုံခြင်း၊ အရေပြားရောဂါများစတဲ့ ရောဂါတွေပဲဖြစ်ပါတယ်။

နာတာရှည် စိတ်ဖိစီးမှုဟာ သင့်ကို နေ့စဉ်နဲ့အမျှ ဖိအားတွေကို ဖြစ်စေပြီး တော်ရုံတန်ရုံဒဏ်တွေကိုလည်း သည်းမခံနိုင်တော့ပါဘူး။ အချိန်ကြာလာတာနဲ့အမျှ စိတ်ဖိစီးမှုတွေကနေပြီး စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အစားအသောက်ပုံစံပြောင်းခြင်းနဲ့ အရာဝတ္ထုတစ်ခုကို စွဲလမ်းခြင်း(ဆေးစွဲခြင်း၊ အရက်စွဲခြင်း)စတဲ့ စိတ်ရောဂါတွေ ဖြစ်လာစေနိုင်ပါတယ်။

♥ စိတ်ဒဏ်ရာနဲ့ အပြင်းစားစိတ်ဖိစီးမှု

စိတ်ဒဏ်ရာရစေနိုင်တဲ့ဖြစ်ရပ်ကြီးတွေဖြစ်တဲ့ မီးဘေး၊ ရေဘေး၊ လေဘေးဒုက္ခများနဲ့ကြုံတွေ့ခြင်း၊ အနိုင်ကျင့်ခံရ ခြင်း၊ အသက်အန္တရာယ်ရှိတဲ့ မတော်တဆထိခိုက်မှု၊ မျက်စိရှေ့မှောက်မှာ ထိတ်လန့်ဖွယ်ရာများကြုံတွေ့ရခြင်းစတဲ့ ဖြစ်ရပ်တွေဟာ စိတ်ဖိစီးမှုအပြင်းစားဖြစ်ပေါ်လာစေနိုင်ပါတယ်။ အများစုဟာ ကြုံတုန်းခဏ စိတ်ဖိစီးမှုဖြစ်ပေါ်ပေ မယ့် သိပ်မကြာမီအချိန် အတွင်းမှာ ပုံမှန်စိတ်ပြန်ထားနိုင်ပါတယ်။ ဒါပေမဲ့ တချို့လူတွေမှာတော့ စိတ်ဖိစီးမှုလက္ခဏာ တွေက ပျောက်မသွားတဲ့ အတွက် သူရဲ့ဘဝကလည်း ပုံမှန်ပြန်ဖြစ်မလာနိုင်တော့ပါဘူး။ ဒီလိုဆိုးရွားပြင်းထန်ပြီး တော်ရုံနဲ့ ပျောက်မသွားနိုင်တဲ့ စိတ် ဖိစီးမှုကို စိတ်ဒဏ်ရာရခြင်းကြောင့်ဖြစ်ပေါ်တဲ့ စိတ်ဖိစီးမှု(PTSD-Post-Traumatic Stress Disorder)လို့ခေါ်ပြီး တွေ့ လေ့ရှိတဲ့ လက္ခဏာရပ်များကတော့ –

ကြုံတွေ့ခဲ့တဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြန်မြင်ယောင်ခြင်း၊ အတွေးထဲ မကြာခဏဝင်ရောက်ခြင်း ဒါမှမဟုတ် အိပ်မက် ဆိုးများမက်ခြင်း

ကြုံတွေ့ခဲ့တဲ့ဖြစ်ရပ်ဆိုးနဲ့ ဆက်စပ်တဲ့ နေရာဒေသတွေ၊ အရာဝတ္ထုတွေကို ရှောင်ရှားလိုခြင်း

အန္တရာယ်အရိပ်အယောင်များရှိလာမှာကို စိုးရိမ်၍ အလွန်အမင်း နိုးကြားစွာစောင့်ကြည့်နေတတ်ခြင်း

နာတာရှည် စိတ်တိုလွယ်ခြင်းနဲ့ စိတ်တင်းအားများလွန်းခြင်း

စိတ်ဓာတ်ကျခြင်းတို့ပဲဖြစ်ပါတယ်။

PTSD ဟာ စိုးရိမ်ရတဲ့ရောဂါဖြစ်တဲ့အတွက် စိတ်ပညာရှင်ဆရာဝန်များနဲ့ ပြသကာ ကုသမှုခံယူသင့်ပါတယ်။

♥ စိတ်ဖိစီးမှုဖြေဖျောက်စေမယ့်နည်းလမ်းများ

အချိန်မှန်အိပ် အချိန်မှန်စားပါ။

လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။ ယောဂကျင့်ပါ။ အကြောဆန့်လေ့ကျင့်ခန်းလုပ်ပါ။

ရင်းနှီးသူတစ်ယောက်ယောက်ကို ရင်ဖွင့်ပါ။

ပန်းခြံ၊ ကန်စပ်တစ်လျှောက် လမ်းလျှောက်ထွက်ကာ သဘာဝပတ်ဝန်းကျင်အလှ ခံစားပါ။

တစ်ယောက်ယောက်ကို တစ်ခုခုလုပ်ပေးလိုက်ပါ။

ဆပ်ပြာမွှေးမွှေးနဲ့ ရေတဝကြီးချိုးလိုက်ပါ။

အိမ်မွေးတိရစ္တာန်များနဲ့ဖြစ်ဖြစ်၊ ကလေးငယ်များနဲ့ဖြစ်ဖြစ် ပျော်ရွှင်စွာကစားပေးပါ။

အနှိပ်ခံပါ။

စာအုပ်ကောင်းတစ်အုပ် ဖတ်လိုက်ပါ။

ဟာသကားကြည့်ပါ

သီချင်းနားထောင်ပါ။

အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်စေဖို့ တရားထိုင်ပါ။

ကာရာအိုကေ သီဆိုပါ။

စိတ်လွတ်လက်လွတ် ကခုန်ပါ။

♥ စိတ်ဖိစီးမှုရင်ဆိုင်ဖြေရှင်းရာတွင်

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နည်းလမ်းများ

ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း

မူးယစ်ဆေးဝါးများသုံးစွဲခြင်း

စိတ်ခဏတာပြေလျော့ဖို့အတွက် အိပ်ဆေးနဲ့ အခြားစိတ်ငြိမ်ဆေးများအသုံးပြုခြင်း

အစားအလွန်အကျွံစားခြင်းဒါမှမဟုတ် အစားစားနည်းလွန်းခြင်း

အလွန်အကျွံအိပ်ခြင်း

မိသားစု၊ မိတ်ဆွေသူငယ်ချင်းများကို ရှောင်ဖယ်ခြင်း

ပြဿနာကို ရင်ဆိုင်မဖြေရှင်းဘဲ ရှောင်လွှဲလိုခြင်း

♥ စိတ်ဖိစီးမှုကို ရှောင်ရှားနိုင်မယ့် နည်းလမ်းများ

လက်တွေ့ကျတဲ့၊ ဖြစ်နိုင်တဲ့ ပန်းတိုင်ကိုသာ ရည်မှန်းပါ။

အရေးမကြီးတဲ့အရာတွေ၊ အသေးအဖွဲကိစ္စရပ်တွေအတွက် စိတ်ညစ်၊ စိတ်ရှုပ်မခံပါနဲ့

အနားယူ အပန်းဖြေဖို့ အချိန်ပေးကာ ကိုယ်နှစ်သက်တဲ့အရာလုပ်ကာ စိတ်အပန်းဖြေပါ။

နေ့စဉ်နေ့တိုင်း တစ်ခုခုလုပ်ကိုင်လို့ အဆင်ပြေတိုင်း ကိုယ့်ကိုယ်ကိုယ် ဆုချပါ။

မိတ်ဆွေ၊ သူငယ်ချင်းများနဲ့ အဆက်အသွယ်ပြုလုပ်ပါ။

အရေးကြီးတဲ့ ကိစ္စရပ်များကို အရင်ဆုံးကိုင်တွယ်ကာ မလိုအပ်တဲ့ ကိစ္စများကိုရှင်းလိုက်ပါ။

ဖြစ်သမျှအကြောင်း အကောင်းသာမှတ်ကာ မျှော်လင့်တာတွေဖြစ်မလာခဲ့ရင်လည်း စိတ်မညစ်ပါနဲ့။

အလွန်အကျွံယှဉ်ပြိုင်ခြင်းမှ ရှောင်ကြဉ်ပါ။

မကောင်းတဲ့အတွေးအမြင်တွေကိုဖယ်ထုတ်ကာ အကောင်းဘက်ကနေရှုမြင်ပါ။

ဒေါသတွေကို ချုပ်ထိန်းပါ။

ရယ်စရာရှိက အားရပါးရရယ်လိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် ရယ်မောတတ်အောင်ပါကြိုးစားပါ။ ပျော်ပျော်နေပါ။

ကိုယ့်ကိုယ်ကိုယ်ချစ်မြတ်နိုးပါ။ ယုံကြည်မှုရှိပါ။

အပြစ်ရှာလိုတဲ့စိတ်ကိုလျှော့ပါ။

စိတ်ဖိစီးမှုဖြစ်စေနိုင်တဲ့ ပတ်ဝန်းကျင်ကိုရှောင်ရှားပါ။ ဥပမာ – ကားမောင်းတဲ့အခါ မီးပွိုင့်စောင့်ရမယ်။ ချမ်းချိုး မရွေးဘဲ။ လမ်းရှည်ချင်ရှည်ပါစေ မစောင့်ရတဲ့ လမ်းမျိုးရွေးပါ။

ကိုယ်လုပ်နိုင်သလောက်သာလုပ်ပါ။ မနိုင်ဝန်မထမ်းပါနဲ့။

အချိန်ကပ်မှမလုပ်ပါနဲ့။

အရှိအရှိတိုင်းလက်ခံပါ။ ပြောင်းလဲလို့မရနိုင်တဲ့အရာတွေကို လက်ခံနိုင်အောင် ကြိုးစားပါ။

မထိန်းချုပ်နိုင်တဲ့အရာတွေကို ထိန်းချုပ်ဖို့မကြိုးစားပါနဲ့။

ခွင့်လွှတ်နိုင်အောင်ကြိုးစားပါ။

စိတ်လျှော့ထားပါ။ အကောင်းဆုံးတွေကိုပဲ မမျှော်မှန်းပါနဲ့။

ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံအတိုင်း နေထိုင်နိုင်အောင် အောက်ပါတို့ကို လုပ်ဆောင်ကြည့်ပါ။

လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရပြည့်ဝတဲ့ အစာစားပါ။

ကဖင်းဓာတ်နဲ့ သကြားဓာတ်လျော့စားပါ။

အရက်၊ ဆေးလိပ်နဲ့ မူးယစ်ဆေးဝါးရှောင်ရှားပါ။

အိပ်ရေးဝအောင်အိပ်ပါ။

♥ ဖိစီးမှုအတွက် လိုအပ်သော အာဟာရဓာတ်များ

ဗီတာမင်နှင့် သတ္တုဓာတ်များကို ခန္ဓာကိုယ်မှ စိတ်ဖိစီးမှုတွေ တိုက်ဖျက်ရာမှာ သုံးလေ့ရှိပါသည်။ အာဟာရဓာတ် တစ်မျိုးနှင့် မလုံလောက်ပါ။ ဥပမာ – အစားအစာထဲမှ မဂ္ဂနီဆီယမ်ဓာတ်သည် ကယ်လ်စီယမ်ဓာတ်၊ ဇင့်ဓာတ်နှင့် ပူးပေါင်း ပြီးမှ ထိရောက်စွာလုပ်ဆောင်နိုင်သည်။ ခန္ဓာကိုယ်၏ လုပ်ငန်းဆောင်တာများ မှန်ကန်စေရန် လိုအပ်သည့် အာဟာရဓာတ် စုံလင်စွာရနိုင်ရန် ကျန်းမာရေးနှင့် ညီညွတ်သော အစာအရေးကြီးပါသည်။ အားဆေးများသုံးဆောင်မည်ဆိုလျှင်လည်း ဗီတာ မင်မျိုးစုံနှင့် သတ္တုဓာတ်မျိုးစုံပါရှိသော အားဆေးမျိုးသာသုံးဆောင်ပါ။ ဒါမှပိုပြီးထိရောက်စွာ လုပ်ဆောင်နိုင်မှာပါ။ နေ့စဉ်လို အပ်သော ပမာဏထက်ပို၍လည်း မသုံးဆောင်မိစေရန် သတိပြုသင့်ပါသည်။

Dr.Nu Myat Theingi Oo


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s