ပတ်ဝန်းကျင်ကို ဂရုစိုက်လွန်းနေသည့် လက္ခဏာရပ်များ

ပတ်ဝန်းကျင်ကို ဂရုစိုက်လွန်းနေသည့်

လက္ခဏာရပ်များ

တခြားသူတွေက ကိုယ့်ကိုယ်နှစ်သက်သဘောကျတာကို လူတိုင်းလိုလိုက ခံချင်ကြတဲ့အတွက် ဒါဟာ ပုံမှန်ပဲလို့ ဆိုနိုင်ပေမယ့် တခြားသူတွေကိုယ့်အပေါ် ဘယ်လိုများနေမလဲဆိုတာပေါ်မူတည်ပြီး သင့်ခံစားချက်တွေ ကောင်းမကောင်း ပြောင်းလဲနေတယ်ဆိုရင်တော့ ပုံမှန်မဟုတ်တော့ပါဘူး။ တခြားသူတွေရဲ့ အမြင်တွေအပေါ် သိပ်ပြီးအရေးထားလွန်းပြီး တခြားသူတွေရဲ့ နှစ်သက်သဘောကျမှုကို အလွန်အမင်းခံချင်နေလွန်းရင် သင့်မှာ စိတ်ပိုင်းဆိုင်ရာလိုအပ်မှုတွေဖြစ်ပေါ်နေပြီး လူမှုဆက်ဆံရေးနယ်ပယ်မှာလည်း ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်ကို အလွန်အမင်းအရေးစိုက်လွန်းနေတဲ့ လူတွေရဲ့ လက္ခဏာရပ်တွေနဲ့ ပြုပြင်နိုင်မယ့် နည်းတွေကို ဖော်ပြလိုက်ပါတယ်။

လက္ခဏာရပ်(၁)

အကောင်းပြောခံလွန်းလိုခြင်း

ဘာကြောင့်လဲ

သင့်ကိုယ်သင်မြင်တဲ့အမြင်က မကောင်းတဲ့အတွက် သင့်ကိုယ်သင် ကျေနပ်ပျော်ရွှင်နေဖို့ တခြားသူတွေရဲ့ နှစ်သက် လက်ခံမှုကို တောင့်တနေရခြင်းဖြစ်ပါတယ်။ သင်ဟာ သင့်မိတ်ဆွေသူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေ “ဒီအကျ်ီနဲ့အဆင်ပြေ လား၊ တခြားဟာပြောင်းဝတ်ရမလား”စတဲ့ မေးခွန်းမျိုးကို အဆက်မပြတ်မေးနေတတ်ပြီး “လှတယ်၊ အဆင်ပြေတယ်”ဆိုတဲ့ အဖြေမျိုး ခဏခဏကြားချင်နေတတ်ပါတယ်။

ဘာကြောင့်ဖြစ်ရတာလဲ

သင့်ကိုယ်ရေးကိုယ်တာရော အလုပ်ကိုင်ပါ နှစ်မျိုးစလုံးရဲ့ ဆက်ဆံရေးနယ်ပယ်တွေမှာ တင်းမာလာနိုင်ပါတယ်။ ခဏခဏဟိုမေးဒီမေးမေးနေတဲ့အတွက် အမေးခံရသူမှာ စိတ်အနှောင့်အယှက်ဖြစ်လာနိုင်ပါတယ်။

ဘာလုပ်သင့်လဲ

သင့်ကိုယ်သင် စိတ်ကျေနပ်ဖို့အတွက် သင်ကသာ အဓိက ကျပါတယ်။ ဒါကြောင့် သင့်ကိုယ်သင်မလှဘူး။ မတော် ဘူးလို့ထင်နေတဲ့ အတွေးတွေကို ရပ်တန်းကရပ်လိုက်ပါ။ နောက်တစ်ခါ “ငါက တော်တော်စိတ်ပျက်စရာကောင်းသူလို့ လူတိုင်းတွေးနေမှာပဲ”ဆိုတာမျိုးတွေးမိပါက “တခြားသူတွေဘယ်လိုထင်ထင် ဂရုမစိုက်ဘူး။ သူတို့တွေလက်ခံဖို့ကို မမျှော် လင့်တော့ဘူး”ဆိုတာမျိုး ပြောင်းပြီးတွေးကြည့်ပါ။

လက္ခဏာရပ်(၂)

ကိုယ့်ဆန္ဒကို လျစ်လျူရှုထားခြင်း

ဘာကြောင့်လဲ

လူတွေရဲ့လက်ခံမှုကို အမြဲတမ်းလိုချင်နေတဲ့အတွက် သင်ဟာ သင်မဟုတ်တဲ့ သင်ဖြစ်အောင် ကြိုးစားနေထိုင်နေ တာပါ။ လူတွေကြားထဲ ဝင်ဆန့်အောင်ကိုယ့်အကြိုက်ကို အမှန်အတိုင်းဖွင့်မပြောရဲ။ မလုပ်ကိုင်ရဲဘဲ အများတကာအကြိုက်နဲ့ တူညီအောင် လိုက်ကြိုးစားနေတတ်ပါတယ်။ သင့်စိတ်ထဲက ငြင်းဆန်ချင်နေတာတောင် အများတကာ မကြိုက်မှာစိုးလို့ လက်ခံလိုက်ရတဲ့ကိစ္စမျိုးတွေ အမြဲလိုလိုဖြစ်နေပါတယ်။

ဘာကြောင့်ပြဿနာဖြစ်ရလဲ

သင့်ပုံစံက မြုံစိစိနဲ့အမှန်ကိုအမှန်အတိုင်း၊ အရှကိုအရှိအတိုင်းမပြောရဲပါဘူး။ သင့်ပုံစံနဲ့သင်မနေတဲ့အတွက် လူတွေနဲ့ ဆက်ဆံရမှာလည်း ခပ်ရွံ့ရွံ့ဖြစ်နေပါတယ်။ သင်နဲ့ ဆက်ဆံတဲ့သူတွေက သင့်ကို ပင်ကိုယ်အတိုင်းမမြင်ရ မပေါင်းရတဲ့ အတွက် ပေါင်းသင်းဆက်ဆံရာမှာ လေးလေးနက်နက်မရှိသလို ဖြစ်နေပါလိမ့်မယ်။

ဘာလုပ်သင့်လဲ

အပေါ်ယံမျက်နှာဖုံးကိုခွာချလိုက်ပါ။ သင်ရဲ့ပင်ကိုယ်အရည်အချင်းတွေ၊ ပင်ကိုယ်သဘာဝတွေ၊ ပင်ကိုယ်စိတ်ထား တွေကိုထုတ်ဖော်လိုက်ပါ။ သင်ရဲ့ အတွေးအမြင်တွေ၊ ရှုထောင့်တွေနဲ့ပတ်သက်ပြီး အများနဲ့မတူနေရင်လည်း စိတ်အနှောင့် အယှက်မဖြစ်ပါနဲ့။ ရဲရဲသာထုတ်ဖော်ပြောလိုက်ပါ။

လက္ခဏာရပ် (၃)

အမြင်စောင်းမှာကို စိုးရိမ်ခြင်း

ဘာကြောင့်လဲ

ဘယ်သူကမှ တခြားသူကိုယ့်ကို အမြင်စောင်းမှာကို မခံချင်ကြပါဘူး။ ဒါပေမဲ့ သင်ကတော့ သင့်ရဲ့အမြင်တွေ၊ ဝတ်ပုံ စားပုံ၊ နေပုံထိုင်ပုံ၊ ပြောပုံဆိုပုံတွေအပေါ် တစ်ယောက်ယောက်က အကြိုက်မတွေ့မှာကိုတောင် စိုးရိမ်လွန်းနေတတ်ပါတယ်။ ဒီလိုစိုးရိမ်မှုတွေ ပြေပျောက်အောင် တခြားသူတွေနဲ့အညီ ဝတ်စားနေထိုင်ပြောဆိုပြီး တခြားသူတွေအမြင်မစောင်းအောင် ကြိုးစားနေထိုင်နေတာပါ။

ဘာကြောင့်ပြဿနာဖြစ်ရလဲ

သင့်ကိုယ်သင်ဖော်ပြနိုင်တဲ့ အခွင့်အလမ်းမရှိတဲ့အတွက် သင်ရဲ့လုပ်နိုင်စွမ်းကို အပြည့်အဝအသုံးမချနိုင်ပါဘူး။ “သူငယ်ချင်းတွေက ကိုယ့်ချစ်သူကို အမြင်မကြည်ရင် ဘယ်လိုလုပ်မလဲ” ဒါမှမဟုတ် “ဒီလိုဝတ်ထားတာကို အရမ်း ကလေး ဆန်တယ်လို့ သူငယ်ချင်းတွေကများ ပြောကြမလား”အစရှိတဲ့ မေးခွန်းမျိုးတွေ ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေတတ်ပါက သင် ဟာ သင့်ရဲ့ဆုံးဖြတ်ချက်တွေအပေါ် တခြားသူတွေရဲ့ လွှမ်းမိုးမှုတွေ များစွာခံယူနေတတ်ပါတယ်။

ဘာလုပ်သင့်လဲ

သင်ရဲ့အတွေးပုံစံတွေကို သတိထားပါ။ နောက်တစ်ခါ “ဒီအဝတ်အစားဝတ်ရင် လူတွေက ငါ့ကိုကလေးဆန်တယ်လို့ ထင်မှာစိုးလို့ မဝတ်တော့ဘူး”ဆိုတာမျိုးအတွေးဝင်လာရင် အတွေးတွေကို ရပ်တန်းကရပ်ကာ သင်ဘယ်လိုပဲနေနေ၊ ဘယ်လို ပဲဝတ်ဝတ်၊ အများတကာ လက်ခံခံ၊ လက်မခံခံ အရေးမကြီးဘူး ကိုယ်ကြိုက်ဖို့သာလိုတယ်လို့ ကိုယ့်ကိုယ်ကိုယ် သတိပေး လိုက်ပါ။

လက္ခဏာရပ်(၄)

ကွဲပြားခြားနားနေမှာ မလိုလားခြင်း

ဘာကြောင့်လဲ

အများနဲ့မတူဘဲ တစ်ယောက်တည်း ကွဲထွက်နေမှာကို သင်စိုးရိမ်နေပါတယ်။ သင်ဟာ အများတကာကြိုက်နှစ်သက် မှုကို လိုလားတဲ့အတွက် အများလို လိုက်လံနေထိုင်ပြုမူနေရခြင်းပါ။

ဘာကြောင့်ပြဿနာဖြစ်ရလဲ

သင်ဟာ သင့်ကိုယ်သင် လိမ်နေတဲ့အတွက် ဘဝမှာ နေထိုင်ရတာ လိပ်ပြာမလုံဘဲ စိတ်ရှုပ်ထွေးနေရတတ်ပါတယ်။

ဘာလုပ်သင့်လဲ

သင့်ပုံစံနဲ့သင် နေထိုင်ဖို့အရမ်းအရေးကြီးပါတယ်။ လူကြားထဲ ထင်ပေါ်နေတာမျိုး၊ တစ်ယောက်တည်း ကွဲထွက်နေ တာမျိုးဖြစ်နေရင်တောင်၊ အများတကာဝေဖန်နေရင်တောင် ကိုယ်ကြိုက်တာကိုယ်လုပ်ပါ။ သင့်မှာ ကွဲပြားခြားနားဖို့ အခွင့် အရေးရှိပြီး လူတိုင်းနဲ့တူဖို့ မလိုအပ်ဘူးဆိုတာ သင့်ကိုယ်သင် သတိပေးနေသင့်ပါတယ်။

လက္ခဏာရပ်(၅)

တခြားသူတွေနဲ့အမြဲနှိုင်းယှဉ်ခြင်း

ဘာကြောင့်လဲ

တခြားသူတွေအားလုံးနဲ့ သာတူညီမျှဖြစ်နေလျှင် ဒါမှမဟုတ်သာနေမှ လူတွေကသင့်ကို လက်ခံမယ်လို့ ယုံကြည် နေလို့ပါ။

ဘာကြောင့်ပြဿနာဖြစ်ရလဲ

တခြားသူတွေနဲ့မယှဉ်နိုင်တဲ့အခါ သင့်မှာ နေမထိထိုင်မသာဖြစ်ကာ မပြည့်စုံသလို ခံစားနေရပြီး မနာလိုဝန်တိုစိတ် တွေဖြစ်ပေါ်နေတတ်လို့ပါ။

ဘာလုပ်သင့်လဲ

ကိုယ်လုပ်စရာရှိတာသာလုပ်ပါ။ တခြားသူတွေရဲ့ အောင်မြင်မှုတွေကို သွားအရေးစိုက်ကာ အချိန်နဲ့အင်အားတွေကို မဖြုန်းတီးလိုက်ပါနဲ့။ ပျော်ရွှင်ကြည်နူးဖွယ်ကောင်းတဲ့ မိသားစုဘဝတွေ၊ အောင်မြင်တဲ့ အလုပ်အကိုင်တွေကို သင်ဘယ်လိုရရှိ နိုင်မလဲဆိုတာကိုသာ အာရုံစိုက်ပါ။

လက္ခဏာရပ် (၆)

အောင်မြင်ဖို့လိုအပ်ခြင်း

ဘာကြောင့်လဲ

အောင်မြင်ကျော်ကြားမှုတွေများပြားနေပါမှ သင့်ကို လူတွေက လက်ခံကာ အရေးစိုက်မယ်လို့ ထင်နေပါတယ်။

ဘာကြောင့်ပြဿနာဖြစ်ရလဲ

သင်လုပ်တာတွေကောင်းနေ၊ အောင်မြင်နေတဲ့အခါမှာ ပျော်ရွှင်နိုင်ပေမယ့် မအောင်မြင်တဲ့အခါမှာ စိတ်ပျက်အား လျော့ပြီး ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိသလို ခံစားနေတတ်လို့ပါ။

ဘာလုပ်သင့်လဲ

သင့်ရဲ့ တန်ဖိုးဟာ သင်ရဲ့အလုပ်အကိုင်၊ အောင်မြင်မှုနဲ့ ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာမှုပေါ်မှာသာ မူတည်နေတာ မဟုတ်ပါဘူး။ အောင်မြင်မှုပန်းတိုင်တွေ ချမှတ်ကာ ဘဝတိုးတက်ဖို့အတွက်တော့ ကြိုးစားမြဲဆက်ကြိုးစားပါ။ ဒါပေမဲ့ အောင် မြင်မှုမရမချင်း သင့်ကိုယ်သင် တန်ဖိုးမရှိဘူးလို့တော့ မထင်လိုက်ပါနဲ့။ အောင်မြင်မှုတွေရရ၊ မရရ သင့်ကိုယ်သင် အမြဲတန်ဖိုး ထားသင့်ပါတယ်။

လက္ခဏာရပ်(၇)

လူတိုင်းကြိုက်နှစ်သက်ဖို့လိုခြင်း

ဘာကြောင့်လဲ

သင့်ကို လူတိုင်းကြိုက်နှစ်သက်ပါမှ သင့်ကိုယ်သင် တန်ဖိုးရှိတယ်လို့ ခံစားရလို့ပါ။

ဘာကြောင့်ပြဿနာဖြစ်ရလဲ

လူတိုင်းက ကိုယ့်ကိုယ်နှစ်သက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် လူတိုင်းနှစ်သက်ဖို့ ကြိုးစားရတာ စိတ်ပင်ပန်း၊ လူပင် ပန်းဖြစ်နေပါလိမ့်မယ်။ လူတွေက သင့်ကို ကောင်းကောင်းမဆက်ဆံတဲ့အခါမှာလည်း စိတ်ညစ်ဝမ်းနည်းပြီး စိတ်ဓာတ်ကျ ခံစားရနိုင်ပါတယ်။

ဘာလုပ်သင့်လဲ

တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းမတူတဲ့အတွက် လူတိုင်းအဆင်ပြေဖို့ဆိုတာ မလွယ်ကြောင်း လက်ခံလိုက် ပါ။ အရေးကြီးတာက သင်ဘယ်သူဖြစ်သလဲဆိုတာအပေါ် သင့်အနေနဲ့ သင်တောင့်သက်သာရှိဖို့နဲ့ တခြားသူတွေနဲ့ ပေါင်း သင်းဆက်ဆံတဲ့အခါ သင့်ပင်ကိုယ်အတိုင်းဖြစ်နေဖို့ပါပဲ။ သူများတွေ အထင်ကြီးဖို့ ကြိုးစားနေမယ့်အစား သင့်အကြိုက်တွေ၊ မကြိုက်တာတွေနဲ့ သင့်အကြောင်း သင်ကောင်းကောင်းသိဖို့သာ ကြိုးစားပါ။

Dr.Nu Myat Theingi Oo


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s