သွေးထွက်ဒဏ်ရာများအတွက် ရှေးဦးသူနာပြုစုနည်း
သွေးထွက်ရာမှာ နှစ်မျိုးရှိပါတယ်။ ဒဏ်ရာ၊ အနာတရကနေ သွေးထွက်လာတဲ့ အပြင်ဘက်သွေးထွက်ခြင်း (External Bleeding)နဲ့ အပြင်ဘက်မှာ သွေးမထွက်ပေမဲ့ ကိုယ်တွင်းမှာ သွေးယိုစိမ့်နေတဲ့ ကိုယ်တွင်းသွေးထွက်ခြင်း (Internal Bleeding)ဆိုပြီး နှစ်မျိုးရှိပါတယ်။
သွေးထွက်လွန်တဲ့အခါ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဆီ သွေးမရောက်နိုင်တော့တာကြောင့် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေက အလုပ်မလုပ်နိုင်တော့ပါဘူး။ အဲ့ဒီလိုအခြေအနေရောက်လာရင် သွေးလန့် Shock ဖြစ်ကာ သတိမေ့သွားတတ်ပြီး အမြန်သွေးသွင်းကုသမှုမခံယူပါက သေဆုံးတဲ့အထိ ဖြစ်တတ်ပါတယ်။
ဒါကြောင့် တစ်ယောက်ယောက်သွေးထွက်ဒဏ်ရာရပါက အနားမှာရှိသူတွေအနေနဲ့ သွေးထွက်မလွန်အောင် သွေးတိတ်အောင် အမြန်ကူညီပေးပြီး ဆေးရုံဆေးခန်းကို အမြန်ဆုံးပို့ဆောင်ပေးသင့်ပါတယ်။
ဒါကြောင့် အားလုံးသိထားရအောင် သွေးထွက်ဒဏ်ရာရနေသူကို ပြုလုပ်ပေးသင့်တဲ့ First Aid ကို ရေးပေးလိုက်ပါတယ်။
#ရင်ဘတ်သွေးထွက်ဒဏ်ရာ
ရင်ဘတ်မှာ သွေးထွက်ဒဏ်ရာရပါက အဆုတ်ထိခိုက်ကာ အသက်ရှူရာမှာ အခက်အခဲဖြစ်နိုင်တာကြောင့် လူနာတင်ယာဉ်ခေါ်ပြီး ဆေးရုံကိုအမြန်ဆုံး ပို့ပေးရမှာ ဖြစ်ပါတယ်။ ဆေးရုံမပို့ခင်စပ်ကြား ဒဏ်ရာကတဆင့် အဆုတ်ထဲလေမဝင်အောင် တားဆီးရပါမယ်။

- အရင်ဆုံး ဒဏ်ရာပေါ်က အဝတ်အစားတွေကို ဖယ်လိုက်ပါ။ ဒဏ်ရာမှာ အဝတ်စကပ်နေရင်တော့ မဖယ်ပါနဲ့။ ဒဏ်ရာထဲမှာ လက်နက်/အရာဝတ္ထု တစ်ခုခုရှိနေသေးရင် မဖယ်ပါနဲ့။ ဖယ်လိုက်ရင် ဒဏ်ရာပိုဆိုးနိုင်ပါတယ်။
- သွေးထွက်နေတဲ့ဒဏ်ရာကို လေလုံတဲ့အရာတစ်ခုခုနဲ့ဖုံးပါ။ ပုံမှာပြထားတဲ့ ရင်ဘတ်အနာကပ် Chest Seal ရှိရင်ကပ်ပါ။ မရှိရင် သန့်ရှင်းတဲ့ ပလတ်စတစ်ပြား၊ ပလတ်စတစ်အိတ်၊ Credit Card လို ကတ်ပြားတစ်ခုခုနဲ့ ဖုံးအုပ်ထားပါ။ ဘာမှမရှိရင်တော့ လက်သန့်သန့်နဲ့သာအုပ်ပေးထားပါ။ ဒဏ်ရာထဲလေလုံးဝမ၀င်ပါစေနဲ့။
- လူနာလုပ်နိုင်ရင် အဆုတ်ထဲ လေအပိုတွေရှိမနေအောင် အသက်ရှူထုတ်ခိုင်းလိုက်ပါ။
- ဒဏ်ရာအပေါ်က ဖုံးထားတာရဲ့ အနားသုံးနားကို တိပ်နဲ့ကပ်ထားပါ။ အောက်အနားကိုတော့ ဖွင့်ထားပါ။ ဒါမှ အပြင်လေ ဝင်တာကိုတားပြီး အဆုတ်ထဲဝင်ပြီးသား လေကိုလည်းထွက်စေမှာပါ။
- ကျောရိုးမှာ ထိခိုက်ဒဏ်ရာမရှိရင် ထိုင်ခိုင်းထားပါ။ ဒါမှမဟုတ် Recovery Position အတိုင်းနေခိုင်းပါ။ Recovery Position ဆိုတာ လူနာကိုဘေးတစ်ခြမ်းစောင်းခိုင်းပြီး ဆန့်ကျင်ဘက်ဒူးကို ကွေးထားကာ ဆန့်ကျင်ဘက်လက်ကို စောင်းထားတဲ့ဘက်က ပါးအောက်ထည့်ထားတဲ့ ပုံစံပါ။ အောက်က ပုံမှာကြည့်ကြည့်ပါ။

#ခြေလက်သွေးထွက်ဒဏ်ရာ
- သွေးထွက်နေတဲ့ ဒဏ်ရာကို သန့်ရှင်းတဲ့ပတ်တီး (သို့) အဝတ်နဲ့ ဖိထားပါ။ အနာနက်ပါက အနာထဲ ပတ်တီး (သို့) အဝတ် ရနိုင်သလောက်သွတ်ကာ လက်နှစ်ဖက်နဲ့ဖိထားပါ။
- ပတ်တီးရှိပါက အပေါ်ကနေ ပတ်တီးစီးပေးပါ။ လိုအပ်ပါက နောက်တစ်ထပ်ထပ်စီးပေးပါ။
- ပတ်တီးအထပ်ထပ်စီးပြီးတာတောင် သွေးထွက်နေတုန်းဆိုရင် ဒဏ်ရာဆီ သွေးစီးဆင်းတဲ့ လမ်းတလျှောက်က သွေးကြောကိုဖိထားရပါမယ်။ ဘယ်သွေးကြောလည်းဆိုရင် ဒဏ်ရာနဲ့နှလုံးကြား ဒဏ်ရာနဲ့အနီးဆုံးနေရာက သွေးကြောဖြစ်ရပါမယ်။ ဥပမာ- လက်ဒဏ်ရာဆိုရင် လက်မောင်းအတွင်းဘက်ကသွေးကြောကို လက်မနဲ့ဖိထားပေးရပါမယ်။ ခြေထောက်ဒဏ်ရာဆိုရင် ပေါင်ခြံကသွေးကြော၊ ပေါင်အတွင်းဘက်ကသွေးကြော၊ ဒူးအနောက်ကသွေးကြောတို့ကို လက်သီးဆုပ်နဲ့ဖိထားရပါမယ်။
- ပုံမှာပြထားသလို သွေးထိန်းပတ် (Tourniquet) ရှိရင်တော့ ဒဏ်ရာရဲ့အပေါ် ၂လက်မ၊ ၃လက်မ အကွာကနေ ခပ်ကြပ်ကြပ်စည်းပေးထားပါ။
- ဒဏ်ရာမှာ အရာဝတ္ထုတစ်ခုခု စိုက်နေပါက မဖယ်ပါနဲ့။ သွေးပိုထွက်လာနိုင်ပါတယ်။ အရာဝတ္ထု နေရာမရွေ့အောင်၊ ပိုမဖိမိအောင် သတိထားကာ အရာဝတ္ထုပတ်လည်ကနေ သွေးတိတ်အောင် ဖိပေးပြီး ပတ်တီးစီးပါ။
- ပတ်တီးစီးထားတဲ့တဝိုက် သွေးလည်ပတ်မှုရှိမရှိကို အရေပြားအရောင်ပြောင်းမပြောင်း၊ အပူချိန်ပြောင်းမပြောင်း သတိထားကြည့်ပေးပါ။ အပြောင်းအလဲရှိပါက ပတ်တီးအကြပ်လွန်ပြီး သွေးလုံးဝမစီးတော့တာဖြစ်နိုင်လို့ ပတ်တီးကိုနည်းနည်းလျှော့စီးပေးပါ။
- လူနာကိုလှဲခိုင်းထားပါ။ လှဲဖို့နေရာမရှိရင် ထိုင်ခိုင်းထားပါ။ ဒဏ်ရာရတဲ့ ခြေ၊ လက် မကျိုးဘူးဆိုရင် ခြေလက်ကို နှလုံးထက်ပိုမြင့်အောင် မြှောက်ထားပါ။

#အပေါ်ယံသွေးထွက်ဒဏ်ရာ
ဒဏ်ရာကမနက်ဘဲ ပြတ်ရှဒဏ်ရာပဲဖြစ်ပါက ရေသန့်သန့်နဲ့ဆေးကြောပါ။ ရေခြောက်သွားရင် အရက်ပြန်ဖြစ်ဖြစ်၊ ဘီတာဒင်းလိုပိုးသတ်ဆေးရည်ဖြစ်ဖြစ် ဖြန်းကာ အပေါ်ကနေ ပလာစတာ၊ ပတ်တီးစီးပေးထားပါ။
#ကိုယ်တွင်းသွေးထွက်ခြင်း (Internal Bleeding)
ဒဏ်ရာရလို့ ကိုယ်တွင်းမှာသွေးထွက်ပါက အပြင်မှာ သွေးမမြင်ရပေမဲ့ အောက်ပါလက္ခဏာရပ်တွေကိုတော့ တွေ့မြင်နိုင်ပါတယ်။
- သွေးခြေဥခြင်း၊ ယောင်ယမ်းခြင်း၊ အသက်ရှူကြပ်ခြင်း၊ သွေးအန်ခြင်း၊ နာကျင်ခြင်းတို့က ကိုယ်တွင်းသွေးထွက်ခြင်းရဲ့ လက္ခဏာရပ်တွေပါ။
- ဦးခေါင်းခွံတွင်းသွေးထွက်ပါက နားနဲ့နှာခေါင်းကနေ သွေးထွက်ခြင်း၊ မျက်လုံးနီရဲခြင်းတို့ ဖြစ်တတ်ပါတယ်။
- အဆုတ်ကနေသွေးထွက်ပါက တံတွေးမှာ သွေးအနီရဲရဲ ပါလာတတ်ပါတယ်။
- အစာခြေလမ်းကြောင်းမှာ သွေးထွက်ပါက သွေးအန်ခြင်း၊ ဝမ်းသွားရာမှာ သွေးအနီရဲရဲ (သို့) အညိုပုတ်ရောင်သွေးပါခြင်းတို့ တွေ့ရတတ်ပါတယ်။

#သွေးလန့်ခြင်း (Shock)
သွေးထွက်လွန်တဲ့အခါ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဆီ သွေးမရောက်နိုင်တော့တာကြောင့် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေက အလုပ်မလုပ်နိုင်တော့ပါဘူး။ အဲ့ဒီလိုအခြေအနေရောက်လာရင် သွေးလန့် Shock ရကာ သတိမေ့သွားတတ်ပြီး အမြန်သွေးသွင်းကုသမှုမခံယူပါက သေဆုံးတဲ့အထိ ဖြစ်တတ်ပါတယ်။
သွေးလန့်ကာ Shock ရပါက ခန္ဓာကိုယ်အေးစက်ကာ နှုတ်ခမ်းနဲ့လက်သည်းခြေသည်းတွေ ပြာလာတတ်ပါတယ်။ သွေးခုန်နှုန်းတွေ မြန်လာပြီး အားဖျော့လာတတ်ပါတယ်။ အသက်ရှူလည်း မြန်လာပြီး အသက်ရှူမမှန်ကာ တစ်ခါတလေ အသက်ရှူသံကျယ်လာတတ်ပါတယ်။ ဇဝေဇဝါဖြစ်ခြင်း၊ စိတ်ရှုပ်ထွေးနေခြင်း၊ စဉ်းစားမရဖြစ်နေခြင်း၊ အလွန်အမင်းရေဆာခြင်း၊ ပျို့အန်ခြင်း၊ သတိမေ့ခြင်းတို့ ဖြစ်လာတတ်ပါတယ်။
သွေးလန့်ခြင်းနဲ့ ကိုယ်တွင်းသွေးထွက်ခြင်းဖြစ်ပါက
၁။ လူနာတင်ယာဉ်ခေါ်ပြီး ဆေးရုံအမြန်ပို့ပါ။
၂။ လူနာကို အားပေးပါ။ သတိမမေ့သွားအောင် စကားပြောပေးပါ။ ရေဆာနေရင် နှုတ်ခမ်းကို ရေစွတ်ပေးပါ။
၃။ လူနာအဝတ်တွေကြပ်နေရင် ချောင်ချောင်ချိချိဖြစ်အောင်ထားပြီး အပေါ်ကနေ တစ်ခုခုခြုံပေးထားပါ။
သတိထားရမှာက
- ကိုယ်တွင်းသွေးထွက်နေတဲ့လက္ခဏာရှိသူတွေကို အစာကျွေးတာ၊ ရေတိုက်တာ မလုပ်ပါနဲ့။
- သွေးဆို့နေတဲ့ အဝတ်တွေ၊ ပတ်တီးတွေကို မဖယ်ပါနဲ့။ လိုအပ်ရင်အပေါ်ကနေ ထပ်ပြီး ထပ်ပေးပါ။
- သွေးခြေဥဒဏ်ရာကို နှိပ်နယ်တာ၊ ခြေတာ၊ အပူနဲ့ဖိတာ၊ ဒဏ်ကြေလိမ်းဆေးလိမ်းတာတို့ မလုပ်ပါနဲ့။
အားလုံး အန္တရာယ်ကင်းဘေးရှင်းကြပါစေ..
ဒေါက်တာနုမြတ်သိင်္ဂီဦး