အိမ်မွေးတိရစ္ဆာန်နှင့် ကျန်းမာရေး

အိမ်မွေးတိရစ္ဆာန်နှင့် ကျန်းမာရေး

e6bffcd2e194a6b1b8317b8f5126f7a409e150d6_Home-slider-2_v2.jpg

တချို့က အိမ်မွေးတိရစ္ဆာန်တွေကိုချစ်လွန်းလို့ မွေးထားတာရှိသလို တချို့ကလည်း အဖော်ရအောင်၊ အိမ်လုံခြုံ အောင် မွေးထားတာမျိုးလည်းရှိပါတယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့ပဲ မွေးထားမွေးထား၊ ကြာတော့ သံယောဇဉ်ရှိလာကာ မိသားစုဝင်တစ်ယောက်လို သတ်မှတ်ထားလာတတ်ကြပါတယ်။ တချို့ဆို မိသားစုဝင်လို၊ သားသမီးအရင်းလို သတ်မှတ် ထားကာ ခွေးတို့၊ ကြောင်တို့လို အသုံးအနှုန်းမျိုးနဲ့ ခေါ်တာမျိုးတောင် မကြိုက်ချင်ဘဲ “သားလေး”၊ “သမီးလေး”စသဖြင့် ခေါ် တတ်ကြပါတယ်။ အစားအသောက်ကို သေချာဂရုစိုက်ကျွေးမွေးကာ မွေးနေ့အထိမ်းအမှတ်တောင် ပြုလုပ်တတ်ကြပါသေး တယ်။ ကိုယ်မွေးထားတဲ့ တိရစ္ဆာန်လေးတွေ သေဆုံးသွားရင်လည်း ဝမ်းနည်းလို့မဆုံးနိုင်တော့ပါဘူး။ ကိုယ်မွေးထားတဲ့အိမ် မွေးတိရစ္ဆာန်လေးတွေကို ဘယ်လောက်ပဲချစ်ချစ်၊ ဘယ်လောက်ပဲပူးကပ်လုံးထွေးကာ နေနေ ကိုယ့်ရဲ့ ကျန်းမာရေး၊ ကိုယ့်က လေးတွေရဲ့ လုံခြုံရေးကိုတော့ ဂရုစိုက်ဖို့လိုပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေက သင့်ကျန်းမာရေးအတွက် အများကြီးအ ထောက်အကူပြုသလို သေချာဂရုမစိုက်ရင် သူတို့ဆီက ရောဂါကူးစက်နိုင်တဲ့အတွက် အိမ်မွေးတိရစ္ဆာန်မွေးရင် သတိပြုရမယ့် အချက်များကို သိထားဖို့လိုပါတယ်။

အိမ်မွေးတိရစ္ဆာန်လေးတွေက

သင့်ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုသလဲ

180515142523_1_540x360.jpg

အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးမြူထားခြင်းဟာ သင်ရဲ့ စိတ်ရှည်သည်းခံနိုင်စွမ်းကို စမ်းသပ်နေသလိုပါပဲ။ ဘာ ကြောင့်လဲဆိုတော့ သူတို့ဟာ သင်ရဲ့ တန်ဖိုးကြီးဖိနပ်အသစ်ကို ကိုက်ကောင်းကိုက်နိုင်သလို ညည့်နက်သန်းခေါင်အကြောင်း မရှိဘဲ ထဟောင်ချင်ဟောင်နိုင်တဲ့အတွက် အိပ်ရေးပျက်တာမျိုးလည်း ကြုံနိုင်ပါတယ်။ ဒါတောင်မှ တိရစ္ဆာန်မွေးထားတဲ့ ပိုင် ရှင်အများစုလက်ခံထားတာက ချစ်ခြင်းမေတ္တာနဲ့ အဖော်လုပ်ပေးရာမှာတော့ တိရစ္ဆာန်လေးတွေဟာ သူတို့ရရှိတာထက်စာရင် ပိုပြီးပေးဆပ်နိုင်စွမ်းရှိတယ်ဆိုတာပါပဲ။

ဒါ့အပြင် အိမ်မွေးတိရစ္ဆာန်လေးတွေဟာ ပိုင်ရှင်ရဲ့ ကျန်းမာရေးကို အမှန်တကယ်အထောက်အကူပြုပါသေးတယ်။ အိမ်မွေးတိရစ္ဆာန်ပိုင်ဆိုင်ခြင်းဖြင့် သင့်ရဲ့သွေးဖိအား၊ ကိုလက်စထရောပမာဏ၊ Triglyceride သကြားပမာဏကို လျော့ချနိုင် တဲ့အပြင် အထီးကျန်တဲ့ ခံစားမှုကိုလည်း သက်သာစေနိုင်ပါတယ်။ လူမှုဆက်ဆံရေး၊ စိတ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း များစွာအကျိုးရှိစေပါသေးတယ်။ တခြားအရာတွေထက်စာရင် တိရစ္ဆာန်လေးတွေကြောင့် သင်ဟာ သင့်ကိုယ်သင် တန်ဖိုးထားမှုမြင့်လာစေနိုင်ပြီး စိတ်ပူပန်မှုလည်း သိသိသာသာလျော့ကျသွားနိုင်ပါတယ်။

9617

နှလုံးကျန်းမာရေး

တိရစ္ဆာန်မွေးမြူခြင်းရဲ့ အသိသာဆုံးအကျိုးကျေးဇူးကတော့ နှလုံးကျန်းမာရေးကို တိုးတက်ကောင်းမွန်စေနိုင်တယ် ဆိုတာပါပဲ။ နှလုံးရောဂါခံစားနေရသူများဟာ အိမ်မွေးတိရစ္ဆာန်မွေးထားရင် ရောဂါသက်သာတာကို လေ့လာချက်များစွာအရ တွေ့ရပါတယ်။ သွေးတိုးရောဂါရှိသူ ၄၈ ယောက်ပါဝင်တဲ့ လေ့လာချက်တစ်ခုပြုလုပ်ရာမှာလည်း ကြောင်ဒါမှမဟုတ် ခွေးပိုင် ဆိုင်သူတွေဟာ မပိုင်ဆိုင်သူတွေထက်စာရင် စိတ်ဖိစီးမှုဖြစ်နိုင်တဲ့ အခြေအနေတွေမှာ သွေးပေါင်ချိန်ပိုလျော့တာကိုတွေ့ရပါ တယ်။ တိရစ္ဆာမွေးမြူထားခြင်းကြောင့် ကိုလက်စထရောပမာဏနဲ့ Triglyceride ပမာဏကို လျော့ကျစေတဲ့အတွက် နှလုံး ရောဂါဖြစ်နိုင်ချေကို လျော့နည်းစေနိုင်ပါတယ်။

ဓာတ်မတည့်မှုတိုက်ဖျက်ခြင်း

အရင်က ထင်ထားကြတာက အိမ်မွေးတိရစ္ဆာန်မွေးထားတဲ့ မိသားစုမှာ ကလေးတွေဟာ တိရစ္ဆာန်တွေနဲ့ ဓာတ် မတည့်ဖြစ်မှု ပိုများနိုင်တယ်လို့ ထင်ထားကြပါတယ်။ ဒါပေမဲ့ လေ့လာချက်များစွာအရ ကြောင်မွေးစတဲ့ အမွှေးရှိ တိရစ္ဆာန် တွေနဲ့အတူ ကြီးပြင်းလာရတဲ့ ကလေးတွေဟာ ဓာတ်မတည့်မှုနဲ့ ရင်ကြပ်ရောဂါဖြစ်နိုင်ချေတွေလျော့နည်းတာတွေ့ရပါတယ်။ အနီကွက်ပေါ်ပြီး ယားယံတဲ့ ဓာတ်မတည့်မှုကြောင့်ဖြစ်ပေါ်တဲ့ အရေပြားရောဂါ (eczema)ဖြစ်နိုင်ချေကိုလည်း လျော့နည်း စေပါတယ်။ ကိုယ်ခံအားကိုလည်း ကောင်းမွန်စေပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေဟာ ညစ်ပတ်တဲ့အတွက် အညစ်အကြေးနဲ့ ဓာတ်မတည့်မှုဖြစ်ပေါ်စေနိုင်တဲ့ ပစ္စည်းတွေကို များများထိတွေ့လေ့ရှိတဲ့ ကလေးတွေဟာ ကိုယ်ခံအားပိုပြီး ကြံ့ခိုင်လာတယ် လို့ ယူဆထားကြတာဖြစ်ပါတယ်။

ကလေးသူငယ်ကျန်းမာရေး

သင်ယူမှုနှေးကွေးတဲ့ကလေးတွေ၊ မိဘတကွဲတပြားနဲ့နေရတဲ့ ကလေးတွေဟာ အိမ်မွေးတိရစ္ဆာန်မွေးထားတဲ့အခါ မမွေးထားတဲ့ ကလေးတွေထက်စာရင် မိမိကိုယ်ကို ချစ်ခင်မြတ်နိုးမှုပိုပြီး စိတ်ခံစားမှုပိုင်းဆိုင်ရာမှာလည်း ပိုကောင်းတာကို တွေ့ရပါတယ်။ သင်မှုနဲ့ အပြုအမူပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိသူ ကလေးတွေမှာ အိမ်မွေးတိရစ္ဆာန်တွေ အကူအညီနဲ့ စာသင် ကြားတဲ့အခါ သိသိသာသာ တိုးတက်မှုရှိလာတာကိုတွေ့ရပါတယ်။

သက်ကြီးရွယ်အိုကျန်းမာရေး

လေ့လာချက်များအရ အိမ်မွေးတိရစ္ဆာန်မွေးမြူထားတဲ့ အယ်လ်ဇိုင်းမားရောဂါရှိသူတွေမှာ စိုးရိမ်ပူပန်တဲ့ လက္ခဏာ တွေ လျော့နည်းစေနိုင်တာတွေ့ရပါတယ်။ အယ်လ်ဇိုင်းမားရောဂါဝေဒနာသည်တွေကို ပြုစုစောင့်ရှောက်ရသူတွေမှာလည်း တိရစ္ဆာန်လေးတစ်ကောင်ရှိနေတဲ့အခါ စိတ်ဖိစီးမှုကို ပြေလျော့သွားစေနိုင်ပါတယ်။ သက်ကြီးရွယ်အိုတွေ ခွေးနဲ့လမ်းလျှောက် ထွက်တဲ့အခါ ဒါမှမဟုတ် ကြောင်နဲ့ဆော့ကစားတဲ့အခါ လေ့ကျင့်ခန်းလုပ်ရာကျပြီး အဖော်ရှိတဲ့အတွက် အထီးကျန်မှုမခံစား နိုင်တော့ပါဘူး။

စိတ်ကျန်းမာရေး

အိမ်မွေးတိရစ္ဆာန်မွေးမြူထားသူတွေမှာ စိတ်ဓာတ်ကျဆင်းခြင်းနဲ့ စိတ်ဖိစီးမှုသက်သာလျော့နည်းတာကို တွေ့ရပါ တယ်။ ခွေး၊ ကြောင်တို့နဲ့ ဆော့ကစားတဲ့အခါ ခန္ဓာကိုယ်ထဲရှိ ဆီရိုတိုနင်နဲ့ ဒိုပါမင်းပမာဏ မြင့်တက်လာကာ စိတ်ပျော်ရွှင်မှုနဲ့ စိတ်အေးချမ်းမှုကို ပေးစွမ်းနိုင်ပါတယ်။ ဆီရိုတိုနင်နဲ့ ဒိုပါမင်းပမာဏမြင့်တက်ဖို့အတွက် လူတွေဟာ ကိုကင်းနဲ့ ဟီရိုအင်း တို့လို မူးယစ်ဆေးဝါးတွေ သုံးစွဲကြပေမယ့် တကယ့်ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နည်းလမ်းတွေကတော့ အိမ်မွေးတိရစ္ဆာန်တွေ နဲ့ ဆော့ကစားခြင်း၊ လင်မယားအချင်းချင်း ပွေ့ဖက်ခြင်း၊ သဘာဝပတ်ဝန်းကျင်အလှကို ခံစားခြင်းတို့ပဲဖြစ်ပါတယ်။

အိမ်မွေးတိရစ္ဆာန်မွေးတဲ့အခါ

သင့်ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် ဘယ်လိုဂရုစိုက်မလဲ

အိမ်မွေးတိရစ္ဆာန်တွေ မွေးထားခြင်းကြောင့် သင့်ကျန်းမာရေးကို ကောင်းမွန်စေတာကိုတော့ သိကြပြီ။ ဒါပေမဲ့ တိရစ္ဆာန်လေးများက လူတွေလောက်အသိဉာဏ်မရှိတဲ့အတွက် သန့်ရှင်းကျန်းမာနေအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာ သိကြမှာမဟုတ်ပါဘူး။ တွေ့ကရာ လျှောက်စား၊ လျှောက်သွားနေကြမှာပဲ။ အဲဒီအခါ သူတို့မှာ ရောဂါတွေရပြီး တချို့ရောဂါ တွေဟာ လူတွေကို ကူးစက်နိုင်ပါတယ်။ ဒါကြောင့် အိမ်မွေးတိရစ္ဆာန်တွေ မွေးမြူတဲ့အခါ သူတို့ကိုရော ကိုယ့်ကိုယ်ပါ ဂရု စိုက်ပေးဖို့ လိုပါတယ်။

pets (1).jpg

ရင်ကြပ်ရောဂါနှင့် ဓာတ်မတည့်သူများ

ရင်ကြပ်ရောဂါရှိသူတွေအတွက် တိရစ္ဆာန်အမွှေး၊ သွားရည်နဲ့ အရေပြားပေါ်က ကွာကျတဲ့ ဆဲလ်ဟောင်းတွေဟာ ရင်ကြပ်ရောဂါကို ပိုဆိုးစေနိုင်ပါတယ်။ အထူးသဖြင့် ကြောင်တွေမွေးထားရင်ဖြစ်ပြီး ခွေး၊ ယုန်၊ ကြွက်နဲ့ ပူးတွေမွေးထားရင် လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရင်ကြပ်ရောဂါရှိသူတွေ တိရစ္ဆာန်ရွေးတဲ့အခါ အမွှေးမရှိတဲ့ငါးတို့၊ ပုတ်သင်ညိုတို့လို အကောင်မျိုးတွေသာ ရွေးသင့်ပါတယ်။ အမွှေးရှိတဲ့ အကောင်လေးတွေ မွေးထားမိရင်လည်း ရင်ကြပ်ရောဂါမဆိုးအောင် အိမ်အပြင်မှာသာ ထားသင့်ပါတယ်။

သန်ကောင်များနှင့် ဘက်တီးရီးယားပိုးများ

ခွေးနဲ့ တခြားတိရစ္ဆာန်များကနေ လူတွေဆီ သန်ကောင်များနဲ့ ဘက်တီးရီးယားပိုးများကူးစက်နိုင်တဲ့အတွက် တစ် ကိုယ်ရည်သန့်ရှင်းရေးကို သေချာဂရုစိုက်ဖို့လိုပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေနဲ့ ထိတွေ့ကစားပြီးတဲ့အခါတိုင်း လက်ဆေး ပေးပါ။ အထူးသဖြင့် အစာမစားခင် ဂရုစိုက်ပြီး လက်ဆေးပေးသင့်ပါတယ်။ တိရစ္ဆာန်တွေ သင့်မျက်နှာကို လျှာနဲ့လာလျက် တာကိုလည်း ခွင့်မပြုပါနဲ့။ သင့်ကို မလျက်ခင် ဘာတွေလျက်ထားသလဲ မသိနိုင်တဲ့အတွက် ရွံဖို့ကောင်းပါတယ်။ မျက်နှာ ကို လာလျက်မိရင်လည်း မကြောက်သွားပါနဲ့။ ဆပ်ပြာနဲ့ ရေနဲ့အသေအချာမျက်နှာသစ်လိုက်ပါက ရောဂါပိုးမွှားတွေ ကင်းစင် သွားမှာပါ။

တိရစ္ဆာန်တွေရဲ့ အူထဲမှာရှိတဲ့ သန်ကောင်တွေကလည်း လူတွေဆီကူးစက်လာနိုင်တဲ့အတွက် အိမ်မွေးတိရစ္ဆာန်တွေ ကို တိရစ္ဆာန်ဆရာဝန်နဲ့ပြပြီး အမြဲသန်ချပေးသင့်ပါတယ်။ သန်တွေကို ပျောက်အောင်ကုလို့ရပေမယ့် ကိုယ်ဝန်ဆောင်တွေ မှာတော့ သေချာဂရုစိုက်ဖို့လိုအပ်တဲ့အတွက် ကိုယ်ဝန်ဆောင်တွေ တိရစ္ဆာန်တွေနဲ့ ဝေးဝေးနေသင့်ပါတယ်။ လူမရှိလို့ ကိုယ် တိုင်အစာကျွေးသန့်စင်ပေးရမယ်ဆိုလည်း လက်အိတ်ဝတ်ထားသင့်ပါတယ်။

သန်းများ၊ မွှားများ

တိရစ္ဆာန်တွေရဲ့ သန်းများဟာ လူတွေကိုလည်း ကိုက်နိုင်ပါတယ်။ ဒါဟာ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပေ မယ့် အန္တရယ်တော့ မရှိပါဘူး။ တိရစ္ဆာန်တွေကနေ လူတွေခေါင်းပေါ်တော့ သန်းမကူးနိုင်ပါဘူး။ လူသန်းက လူတွေဆီမှာပဲ ရှိတာပါ။ ခွေးသန်း၊ ကြောင်သန်းပျောက်အောင်ကုတဲ့ဆေးရည်ကို တိရစ္ဆာန်ဆေးကုခန်းတွေမှာ ဝယ်လို့ရပါတယ်။ အိမ်ထဲ မှာ သန်းကင်းစင်အောင် အိပ်ယာခင်းတွေ၊ မွေ့ယာတွေကို ဖုန်စုပ်စက်နဲ့စုပ်ကာ ရေနွေးနွေးနဲ့ လျှော်ပေးသင့်ပါတယ်။

Toxoplasmosis ရောဂါ

ကြောင်တွေရဲ့မစင်တွေမှာ တောက်ဆိုပလာစမာပိုးစွဲနာရောဂါ (Toxoplasmosis)ဖြစ်နိုင်တဲ့ တောက်ဆိုပလာစမာ ကပ်ပါးပိုးတွေ ရှိနေနိုင်ပါတယ်။ ဒီရောဂါက များသောအားဖြင့် မပြင်းထန်ပေမယ့် ကိုယ်ဝန်ဆောင်မိန်းမတွေမှာ ကူးစက်ခဲ့ ရင်တော့ ဗိုက်ထဲလွယ်ထားတဲ့ ရင်သွေးလေးကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်တွေဟာ ကြောင်တွေနဲ့ (အထူးသဖြင့် ကြောင်မစင်တွေနဲ့)အထိအတွေ့မရှိအောင် ရှောင်ရှားသင့်ပါတယ်။ လူမရှိလို့ ကိုယ်တိုင်ကြောင်မစင်ကျုံးရ မယ်ဆိုရင်လည်း ပလတ်စတစ်လက်အိတ်အမြဲဝတ်ဆင်ကာ လက်ကို ဆပ်ပြာနဲ့ အသေအချာဆေးကြောသင့်ပါတယ်။ ပန်းခြံ ထဲ ပေါင်းသင်စိုက်ပျိုးပါကလည်း မြေကြီးထဲရှိ ကြောင်မစင်တွေနဲ့ မတော်တဆ ထိတွေ့မှုမရှိအောင် လက်အိတ်ဝတ်ထား သင့်ပါတယ်။

အကိုက်ခံရခြင်း၊ အကုတ်ခံရခြင်း

ခွေးကိုက်ခြင်း

ခွေးကိုက်ခံရဖို့ဖြစ်နိုင်ချေအများဆုံးသူတွေကတော့ အသက်တစ်နှစ်နဲ့ လေးနှစ်ကြားမှာရှိတဲ့ ကလေးတွေပါ။ အဲဒီ ထက်ပိုကြီးတဲ့ ကလေးတွေလည်း ကိုက်ခဲနေရတာပါပဲ။ ကလေးတွေဟာ သူတို့ရဲ့ အရွယ်သေးငယ်မှုကြောင့်သာမက ခွေးတွေကို ဘယ်လိုပြုမူဆက်ဆံရမှာကိုလည်း နားမလည်သေးတဲ့အတွက် အကိုက်ခံနေကြရတာဖြစ်ပါတယ်။ ဥပမာ- သူတို့ဟာ ခွေးတွေဆီက အစာတွေကို သွားလုယူရင်ယူမိမယ်။ သတိမထားမိဘဲ နာကျင်အောင် သွားလုပ်မိရင် လုပ်မိလိမ့် မယ်။ အဲဒီလိုအပြုအမူတွေလုပ်မိတဲ့အခါ အိမ်မှာမွေးထားတဲ့ မိသားစုခွေးဖြစ်နေရင်တောင် ကလေးကို ကိုက်မိကောင်းကိုက် မိသွားနိုင်ပါတယ်။

ကြောင်ကုတ်ရောဂါ (Cat Scratch Disease)

ကြောင်ကုတ်ရောဂါဟာ ကြောင်တွေအကြား သန်းတွေကနေတဆင့် ကူးစက်တဲ့ ကူးစက်ရောဂါတစ်မျိုးပါ။ လူတွေ ရဲ့ အရေပြားမျက်နှာပြင်ပေါ် ကြောင်လေးတွေ လက်သည်း၊ ခြေသည်းနဲ့ ကုတ်မိ၊ ခြစ်မိတဲ့အခါမျိုးမှာ လူတွေကို ကူးစက် တတ်ပါတယ်။ ကုတ်မိ၊ ခြစ်မိတဲ့နေရာမှာ ခန္ဓာကိုယ်ထဲ ပိုးဝင်ရောက်သွားတဲ့အတွက် ဖောင်းလာပြီး အပတ်ပေါင်းများစွာ မပျောက်ဘဲရှိနေတတ်ပါတယ်။ အကုတ်ခံတဲ့နောက် နှစ်ပတ်အကြာမှာ အကျိတ်ရောင်ရမ်းနာကျင်လာနိုင်ပါတယ်။ လက်နဲ့ လက်မောင်းမှာ အကုတ်ခံရပါက ချိုင်းမှာ အကျိတ်ပေါ်နိုင်ပြီး ခြေထောက်မှာ အကုတ်ခံရပါက ပေါင်ခြံမှာ အကျိတ်ပေါ်လာ နိုင်ပါတယ်။ ဒီရောဂါတွေဟာ ကုသမှုမခံယူဘဲ ပျောက်ကင်းနိုင်ပေမယ့် တစ်ခါတရံမှာတော့ ပိုးသတ်ဆေးတွေ မှီဝဲဖို့လိုအပ် ပါတယ်။

ဘယ်လိုကာကွယ်မလဲ

  • ဘယ်လောက်ပဲမိသားစုနဲ့ ရင်းနှီးနေတဲ့ အိမ်ခွေးဖြစ်ပါစေ လူကြီးမရှိဘဲ ခွေးတွေကြောင်တွေနား ကလေးငယ်လေး တွေ မထားပါနဲ့။
  • ခွေးတွေအစာစားနေတဲ့အခါ ဒါမှမဟုတ် အိပ်ပျော်နေတဲ့အခါ ကလေးတွေကို အနားမသွားခိုင်းပါနဲ့။ သူတို့ကို အနှောင့်အယှက်ဖြစ်တဲ့အခါ ခွေးတွေက စိတ်တိုပြီး ကိုက်နိုင်ပါတယ်။
  • တိရစ္ဆာန်တွေအနား ဘယ်လိုပြုမူဆက်ဆံရမယ်ဆိုတာ သင်ပြပေးပါ။ ဒါပေမဲ့ ကလေးလုံခြုံဖို့ဆိုတာ လူကြီးတွေပေါ် မှာ တာဝန်ရှိတယ်ဆိုတာ မမေ့ပါနဲ့။
  • တိရစ္ဆာန်တွေအပေါ် ကောင်းကောင်းပြုမူဆက်ဆံဖို့ သင်ပြပေးပါ။ ကလေးတွေက လူကြီးအတုခိုးတတ်တဲ့အတွက် သင်တို့ကိုယ်တိုင်အိမ်မွေးတိရစ္ဆာန်တွေအပေါ် ကောင်းကောင်းပြုမူဆက်ဆံသင့်ပါတယ်။
  • အကိုက်ခံရပါက ခွေးရူးရောဂါကူးစက်နိုင်တဲ့အတွက် အိမ်မွေးခွေးတွေကို တိရစ္ဆာန်ဆေးကုခန်းမှာ ခွေးရူးကာကွယ် ဆေးနဲ့ တခြားကာကွယ်ဆေးများ ကြိုထိုးပေးပြီး ကာကွယ်ထားပါ။
  • တိရစ္ဆာန်တွေကို ကိုင်တွယ်ပြီးနောက်ပိုင်း လက်ကိုဆပ်ပြာနဲ့ အသေအချာဆေးကြောပါ။
  • ကြောင်တွေ၊ ခွေးတွေကို သန်အမြဲချပေးကာ သန်းပျောက်ဆေး လိမ်းပေးသင့်ပါတယ်။

ခွေးကိုက်ခံရပါက

ခွေးတို့၊ ကြောင်တို့ရဲ့ အကိုက်ခံရ၊ အကုတ်ခံရပါက သေချာဂရုစိုက်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တိရစ္ဆာန် တွေရဲ့ သွားတွေနဲ့ လက်သည်း၊ ခြေသည်းတွေမှာ ဘက်တီးရီးယားပိုးမွှားများ ရှိနေတတ်တဲ့အတွက် အနာကနေတဆင့် ရောဂါပိုးမွှားတွေ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာနိုင်ပါတယ်။ ဒါကြောင့် အကိုက်ခံရတဲ့ ဒါမှမဟုတ် အကုတ်ခံရတဲ့နေရာကို ရေနဲ့ ဆပ်ပြာနဲ့ အသေအချာဆေးပေးပါ။ အရက်ပြန် ဒါမှမဟုတ် ဘီတာဒိုင်းတို့လို ပိုးသန့်စင်ဆေးရည်များနဲ့ ဆေးနိုင်ပါက ပိုးကောင်းပါတယ်။ အနာကကြီးမားနေပြီး နီရဲရောင်ရမ်းနေပါက ဒါမှမဟုတ် ပြည်တည်နေပါက ဆရာဝန်ထံပြသင့်ပါတယ်။ ခွေးရူးကာကွယ်ဆေး ခွေးကိုမထိုးထားရသေးပါက ခွေးရူးရောဂါမဖြစ်အောင် အကိုက်ခံရတဲ့သူမှာ ထိုးသင့်ပါတယ်။ ခွေး ကိုက်ခံရပါက မေးခိုင်ရောဂါပိုးဝင်ရောက်နိုင်တဲ့အတွက် မေးခိုင်ရောဂါကာကွယ်ဆေးလည်း ထိုးထားသင့်ပါတယ်။

ငှက်မွေးပါက

လူတွေဟာ ငှက်တွေဆီကနေ Psittacosis လို့ခေါ်တဲ့ ရောဂါတစ်မျိုးကူးစက်နိုင်ပါတယ်။ ရောဂါလက္ခဏာတွေက တော့ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ အစားပျက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း ဒါမှမဟုတ် တခြားတုပ်ကွေးရောဂါလက္ခဏာ များပဲဖြစ်ပါတယ်။ ကုသမှုမခံယူပါက အပတ်ပေါင်းများစွာ ကြာရှိနိုင်ပြီး တစ်ခါတလေ အန္တရာယ်ရှိနိုင်ပါတယ်။ ဘယ်ငှက် တွေကမဆို ကူးစက်နိုင်ပေမယ့် အဓိကကူးစက်နိုင်တဲ့ ငှက်အမျိုးအစားကတော့ သြစတြေးလျတိုက်မှ ကျေးကျုတ်ငှက် (Badgerigar)လို့ခေါ်တဲ့ ကြက်တူရွေးအမျိုးအစားပဲဖြစ်ပါတယ်။

ရောဂါပိုးပါတဲ့ ငှက်ရဲ့မစင်ခြောက်တွေပါရှိတဲ့ ဖုန်တွေကို ရှူရှိုက်မိတဲ့အခါ ရောဂါကူးစက်နိုင်ပါတယ်။ အကိုက်ခံရ ခြင်းကနေ ကူးစက်နိုင်ပေမယ့် ဒီလိုကူးစက်ပုံကတော့ ရှားပါတယ်။ ဒီရောဂါကို ပိုးသတ်ဆေးတွေနဲ့ ကုသလို့ရနိုင်ပါတယ်။ အကယ်၍ သင့်မှာ တော်ရုံနဲ့အဖျားမပျောက်၊ ချောင်းဆိုးမပျောက်ဖြစ်နေရင် တခြားရောဂါလက္ခဏာရပ်တွေပေါ်နေရင် သင့် အိမ်မှာ ငှက်မွေးထားကြောင်း ဆရာဝန်ကို အသိပေးသင့်ပါတယ်။

ဘယ်လိုကာကွယ်မလဲ

  • ငှက်လှောင်အိမ်တွေကို သန့်ရှင်းအောင်ထားပါမှ ငှက်ချေးခြောက်တွေကို မရှူမိနိုင်တေ့မှာပါ။
  • ငှက်လှောင်အိမ်တွေကို သန့်စင်တဲ့အခါ လက်အိတ်ဝတ်ကာ နှာခေါင်းကို မျက်နှာဖုံးနဲ့အုပ်ပြီးမှ သန့်စင်ပေးပါ။ ဆပ် ပြာမှုန့်နဲ့ ရေနွေးအသုံးပြုပြီး ဆေးကြောတာ အကောင်းဆုံးနည်းပဲဖြစ်ပါတယ်။
  • ငှက်တွေကို မနမ်းသင့်ပါ။
  • ငှက်တွေ နေမကောင်းဖြစ်တဲ့အခါ တိရစ္တာန်ကုဆရာဝန်နဲ့ ပြသင့်ပါတယ်။
  • ငှက်တွေကို အိမ်ပြင်ပမှာထားတာ အသင့်တော်ဆုံးပါ။

အိမ်မွေးတိရစ္ဆာန်များကို လုံခြုံအောင် ဘယ်လိုထားမလဲ

အိမ်မွေးတိရစ္ဆာန်အသစ်တစ်ကောင် မမွေးမြူခင် အဲဒီတိရစ္ဆာန်ကို ဘယ်သူပြုစုစောင့်ရှောက်မလဲ၊ ဘယ်လိုအစာမျိုး ကျွေးရမလဲ၊ ဘယ်အချိန်မှာ ကျွေးမလဲ၊ တိရစ္ဆာန်ဆေးကုခန်းဘယ်နားမှာရှိလဲ၊ ဘယ်လိုပြုစုလေ့ကျင့်ပေးမလဲ၊ ဘယ်လိုသန့်စင်ရမလဲ စသဖြင့် ကြိုတင်လေ့လာထားသင့်ပါတယ်။

gettyimages-128622682.jpg

အိမ်မွေးတိရစ္ဆာန်မွေးမြူရတာ ကလေးမွေးထားရသလိုပါပဲ။ အသေအချာဂရုစိုက်ပေးဖို့၊ အန္တရာယ်မရှိဖို့ လိုပါတယ်။

လျှပ်စစ်မီးကြိုးတွေကို မမီအောင် ထားသင့်ပါတယ်။ မြေပြင်ပေါ်မှာ မီးကြိုးတွေရှိနေရင်လည်း ဝါးစားလို့မရအောင် တစ်ခုခုနဲ့ ဖုန်းထားသင့်ပါတယ်။

တိရစ္ဆာန်တွေကို လူတွေရဲ့ ဆေးဝါးတွေမတိုက်ပါနဲ့။ တချို့ဆေးဝါးတွေက သူတို့ကို ပိုလိုတောင် နေမကောင်းဖြစ်စေ နိုင်ပါတယ်။ နေမကောင်းဖြစ်ပါက တိရစ္ဆာန်ကုဆရာဝန်နဲ့ သွားပြပါ။

ဆေးဝါးတွေအားလုံးကို တိရစ္ဆာန်လေးတွေမမီနိုင်တဲ့နေရာမှာထားပါ။ အဖုံးနဲ့ ဗူးနဲ့ လုံခြုံအောင်သိမ်းထားပါ။ ကလေး တွေလိုပဲ အကောင်လေးတွေကလည်း တွေ့သမျှ အကုန်စားမိမှာဖြစ်တဲ့အတွက် အန္တရာယ်ရှိပါတယ်။

အဆိပ်တွေ ပိုးသတ်ဆေးကိုလည်း သေချာသိမ်းထားပါ။ ခရုသတ်ဆေးတွေဟာ ခွေးတွေကြောင်တွေကို အရမ်းအန္တရာယ်ရှိစေနိုင်ပါတယ်။

ရာသီဥတုပူအိုက်နေတဲ့အခါ ခွေးတွေကို ကားထဲမှာထည့်မထားခဲ့ပါနဲ့။

အိမ်မွေးတိရစ္ဆာန်တွေကို လေ့ကျင့်ခန်းများများလုပ်ခိုင်းပေးပါ။ သူတို့နဲ့ လမ်းလျှောက်ထွက်ပါ။ ဆော့ကစားပါ။

Dr.Nu Myat Theingi Oo


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s