အလှကုန်ပစ္စည်းနဲ့ ပတ်သက်ပြီး သင်ဘယ်လောက်သိပါသလဲ
Dr.Nu Myat Theingi Oo
အလှအပကြိုက်တဲ့ခေတ်ကြီးမှာ အလှကုန်ပစ္စည်းတွေဆိုတာ ဈေးကွက်ထဲမှာ ပုံစံအမျိုးမျိုးနဲ့ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ အလှကုန်ပစ္စည်းတွေ အသုံးပြုပေမဲ့ အသုံးမပြုတတ်ရင် ဘယ်လိုအန္တရာယ်မျိုးရှိတတ်လဲ။ ကျန်းမာရေးနဲ့ ဘယ်လိုဆက်စပ်မှုရှိနေလဲဆိုတာ လေ့လာကြည့်ကြရအောင်။
၁။ မျက်လုံးမိတ်ကပ်မဖျက်ဘဲ အိပ်လို့ရလား။
(က) ရတယ်
(ခ) မရဘူး
အဖြေ။(ခ)
အိပ်ပျော်နေစဉ် မျက်တောင်ကော့ဆေးတွေက မျက်လုံးထဲကို အဖတ်လေးတွေကွာပြီး ဝင်လာတတ်ပါတယ်။ မနက်နိုးလာတဲ့အခါကျရင် မျက်လုံးတွေယားယံတာ၊ နီရဲတာ၊ မျက်ကြည်လွှာပွန်းတာ၊ မျက်လုံးထဲပိုးဝင်တာစတာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် အိပ်ယာထဲမဝင်မီ မိတ်ကပ်အကုန်ဖျက်ပြီးမှ အိပ်ပါ။
၂။ အောက်ပါ နှုတ်ခမ်းဆိုးဆေးတွေအနက် ဘယ်နှုတ်ခမ်းဆိုးဆေးက နေရောင်ထဲက ခရမ်းလွန်ရောင်ခြည်တွေကို နှုတ်ခမ်းထဲ စုပ်ယူစိမ့်ဝင်စေနိုင်သလဲ။
(က) Lip Balm
(ခ) Lip Liner
(ဂ) Lip Gloss အကြည်
(ဃ) Lip stick
အဖြေ။ (ဂ) Lip Gloss အကြည်
နှုတ်ခမ်းနီအဆီအကြည်က နှုတ်ခမ်းသားကို အကာအကွယ်မပေးနိုင်သလို အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်တွေ နှုတ်ခမ်းသားထဲရောက်ရှိစေနိုင်ပါတယ်။ နှုတ်ခမ်းကို ခပ်စိုစိုလေးဖြစ်စေချင်ပါက ရိုးရိုးနှုတ်ခမ်းနီ အပိတ်အရင်ဆိုးပေးပြီးမှ အပေါ်ကနေ Gloss ထပ်ပါ။ Lip Balm အသုံးပြုမယ်ဆိုရင်လည်း နေရောင်ကာပစ္စည်း SPF 30 ပါရှိတဲ့ Lip Balm ကို ဆိုးပေးရပါမယ်။
၃။ လက်သည်းဆိုးဆေးတွေက လက်သည်းကိုအရောင်စွန်းစေနိုင်ပါသလား။
(က) မှန်
(ခ) မှား
အဖြေ။ (က) မှန်
လက်သည်းဆိုးဆေး.. အထူးသဖြင့် အရောင်ရင့် လက်သည်းဆိုးဆေးတွေက လက်သည်းကို အရောင်စွန်းစေကာ ဝါကျန့်ကျန့်ဖြစ်စေပြီး နဂိုပန်းရောင်သန်းတာကိုလည်း ပျောက်စေနိုင်ပါတယ်။ အရောင်စွန်းတဲ့ လက်သည်းတွေ ရှည်လာတတ်ပေမဲ့ တစ်ခါတစ်ခါရျည်လာဖို့ကို လနဲ့ချီပြီး စောင့်နေရတတ်ပါတယ်။
၄။ ဘယ်အလှကုန်ပစ္စည်းကို ၃လတစ်ခါအသစ်လဲပေးရမလဲ။
(က) အိုင်းရှဲဒိုး
(ခ) မျက်တောင်ကော့ဆေး
(ဂ) နှုတ်ခမ်းနီ
(ဃ) မိတ်ကပ်
အဖြေ။ (ခ) မျက်တောင်ကော့ဆေး
မျက်လုံးထဲရောဂါပိုးဝင်နိုင်ချေရှိတာကြောင့် မျက်လုံးနဲ့ ပတ်သက်တဲ့ အလှကုန်ပစ္စည်းတွေကို တခြားအလှကုန်တွေလောက်ကြာကြာအသုံးပြုလို့ မရပါဘူး။ အရည်ဒါမှမဟုတ် ခရင်(မ်) အမျိုးအစား မိတ်ကပ်တွေက ဘက်တီးရီးယားပိုးကို ပိုပြီးပေါက်ဖွားစေတတ်တာကြောင့် မကျ်တောင်ကော့ဆေးအရည်တွေကို ၃လတစ်ခါလဲစေတာပါ။ မျက်တောင်ကော့ဆေးတွေခြောက်ပြီး ခြယ်သရခက်ခဲနေရင်လည်း ပြန်စိုသွားအောင် ရေတွေ၊ တံတွေးတွေ ထည့်တာမျိုးမလုပ်ပါနဲ့။ ဘက်တီးရီးယားပိုးတွေ ပိုပေါက်ဖွားလာနိုင်တာကြာင့်ပါ။
၅။ အောက်ပါတို့အနက် ဘယ်အချက်က အလှကုန်ပစ္စည်းတွေထဲ ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားစေနိုင်ပါသလဲ။
(က) သူများတွေနဲ့ အတူတူဝေမျှအသုံးပြုခြင်း
(ခ) အပူချိန်များခြင်း၊ နေရောင်နဲ့ ထိတွေ့ခြင်း
(ဂ) မျက်လုံးထဲပိုးဝင်နေတုန်း မျက်လုံးမိတ်ကပ်အသုံးပြုခြင်း
(ဃ) အပေါ်ကအချက်အကုန်လုံး
အဖြေ။ (ဃ) အပေါ်ကအချက်အကုန်လုံး
အလှကုန်ဘရှပ်(ရှ်)၊ ရေမြှုပ်၊ ဖော့တုံးနဲ့ လက်ချောင်းထိပ်တွေက အရေပြားက ဘက်တီးရီးယားနဲ့ အခြားပိုးမွှားတွေကို သယ်ဆောင်လာနိုင်တာကြောင့် မိတ်ကပ်တွေဝေမျှသုံးခြင်းက အခြားသူရဲ့ ရောဂါပိုးတွေကိုပါ ဝေမျှနေသလိုပါပဲ။ ဘရပ်(ရှ်) တွေကို ဆွဲရလွယ်ကူအောင် တံတွေးဆွတ်ခြင်းကလည်း ပိူပြီး ဆိုးစေနိုင်ပါတယ်။ နေရောင်နဲ့ထိတွေ့တာ၊ အပူချိန်များတာတို့ကလည်း ဘက်တီးရီးယားပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ပါဝင်ပစ္စည်းတွေကိုလျော့ကျစေနိုင်တာကြောင့် အလှကုန်ပစ္စည်းတွေကို ကားထဲ ထည့်မထားသင့်ပါဘူး။ နောက်ပြီး မျက်စိနာနေရင်လည်း မိတ်ကပ်မလိမ်းသင့်ပါဘူး။
၆။ အောက်ပါတို့အနက် ဘယ်အချက်က အလှကုန်ပစ္စည်းတွေကြောင့် အဖြစ်အများဆုံး ထိခိုက်မှုဖြစ်နေလဲ။
(က) အောက်ခံမိတ်ကပ်နဲ့ ဓာတ်မတည့်ခြင်း
(ခ) လက်သည်းအတုတပ်ခြင်းကြောင့် လက်သည်းပျက်စီးခြင်း
(ဂ) မျက်တောင်ကော့ဆေးရဲ့ အတံနဲ့ မျက်လုံးကိုခြစ်မိခြင်း
အဖြေ။ (ဂ) မျက်တောင်ကော့ဆေးရဲ့ အတံနဲ့ မျက်လုံးကိုခြစ်မိခြင်း
မျက်တောင်ကော့ရင်း မျက်လုံးကို မျက်တောင်ကော့တံနဲ့ မတော်တဆခြစ်မိတာက အလှကုန်ကြောင့် အဖြစ်အများဆုံး ဒဏ်ရာလို့ပြောရမှာပါ။ ခြစ်ရာတွေကို သေချာသာကုသမှုမရှိပါက မျက်လုံးထဲရောဂါပိုးတွေ ဝင်ရောက်လာမှာပဲ ဖြစ်ပါတယ်။ ရောဂါပိုးတွေကနေတဆင့် မျက်ကြည်လွှာမှာ Ulcer အနာဖြစ်တာ၊ မျက်တောင်ကျွတ်တာကနေ အဆုံးစွန်ထိပြောရမယ်ဆိုရင် မျက်စိကန်းတဲ့အထိတောင် ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး ထိခိုက်မှုမဖြစ်အောင် ကားစီးနေရင်း မျက်တောင်ကော့တာမျိုး မလုပ်ပါနဲ့။
၇။ အလှကုန်ပစ္စည်းအသုံးပြုတာနဲ့ ကင်ဆာရောဂါတို့အကြား ဆက်စပ်မှုနဲ့ ပတ်သက်ပြီး သက်သေသာဓက သေသေချာချာမရှိသေးဘူး။
(က) မှန်
(ခ) မှား
အဖြေ။ (က) မှန်
အချို့အလှကုန်ပစ္စည်းတွေက ကင်ဆာဖြစ်နိုင်တယ်လို့ ပြောကြပေမဲ့ သက်သေသာဓကကြီးကြီးမားမားမရှိသေးပါဘူး။ ဒါပေမဲ့ အချို့အလှကုန်တွေမှာပါတဲ့ ပါဝင်ပစ္စည်းတွေကိုတော့ အသေအချာမစစ်ဆေးရသေးတာကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး သေချာသုတေသနပြုဖို့ လိုပါလိမ့်မယ်။ အရေးကြီးတာကတော့ တွေ့ရာပစ္စည်းမသုံးဖို့ပါပဲ။ နာမည်ရှိပြီးသားပစ္စည်းကို သုံးတာအကောင်းဆုံးပါ။
၈။ အမေရိကန်နိုင်ငံထုတ် နှုတ်ခမ်းနီတချို့မှာတောင် ခဲတွေပါတတ်တယ်။
(က) မှန်
(ခ) မှား
အဖြေ။ (က) မှန်
နှုတ်ခမ်းနီတွေမှာခဲ အနည်းငယ်ပါတတ်ပါတယ်။ နှုတ်ခမ်းနီက နှုတ်ခမ်းပေါ်ဆိုးရတာဆိုပေမဲ့ အစာစားတဲ့အခါမှာပဲဖြစ်ဖြစ် နှုတ်ခမ်းကိုက်မိတာပဲဖြစ်ဖြစ် နှုန်ခမ်းနီကိုမြိုချမိတာမျိုးရှိတတ်ကြမှာပါ။ အနည်းငယ်ပါတာလောက်က ပြဿနာမရှိပေမဲ့ ခဲတွေများနေပြီဆိုရင်တော့ ကျန်းမာရေးထိခိုက်နိုင်ပါတယ်။