ဓမ္မတာရာသီစက်ဝန်း အလိုက် အလှအပ ထိန်းသိမ်းနည်းများ

ဓမ္မတာရာသီစက်ဝန်း အလိုက်

အလှအပ ထိန်းသိမ်းနည်းများ

တချို့ရက်တွေမှာ ကိုယ့်ကိုယ်ကိုယ် ကြည့်မကောင်းဘူး ထင်ပြီး တချို့ရက်တွေမှာတော့ ဆွဲဆောင်မှု ရှိတယ်လို့ ထင်နေမိပါသလား။ ဒါဟာ ဟော်မုန်းတွေကြောင့်ပါပဲ။ သင်ရဲ့ဟော်မုန်း အတက်အကျဟာ သင်ရဲ့ ဆံပင်၊ အရေပြား၊ ခန္ဓာကိုယ်နဲ့ အနံ့အသက်တွေပေါ် များစွာ အကျိုးရောက်မှု ရှိပါတယ်။ သင်ရဲ့ ဟော်မုန်းတွေဟာ ဓမ္မတာရာသီလာတဲ့ ရက်အလိုက် အတက်အကျ ရှိနေတတ်ပါတယ်။ (ဒါပေမဲ့ သင်က ပဋိသန္ဓေတားဆေးကို လစဉ် သုံးစွဲနေသူဆိုရင်တော့ ဟော်မုန်း အတက်အကျ မရှိတာကြောင့် ဒီအကျိုးသက်ရောက်မှုတွေကို မခံစားနိုင်ပါဘူး။) ဒီတော့ ဟော်မုန်းတွေ ဘယ်လောက်ပဲ အတက်အကျ ရှိနေပါစေ နေ့စဉ်နေ့တိုင်း လှပနေစေဖို့ အတွက် အပတ်စဉ်အလိုက် ဂရုစိုက်ရမယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

ဓမ္မတာအကြိုတစ်ပတ်

ဓမ္မတာရာသီမလာမီ တစ်ပတ်အတွင်းမှာ ဓမ္မတာ အကြိုလက္ခဏာတွေ ဖြစ်ပေါ်တတ်ပါတယ်။ ခါးနာတာ၊ ဗိုက်အောင့်တာအပြင် အဝစာတွေ ဖြစ်တဲ့ အာလူးကြော်၊ ချောကလက်၊ ချိစ်တို့ကို စားလိုစိတ်တွေလည်း ဖြစ်တတ်ပါတယ်။ စိတ်ထိခိုက် ဝမ်းနည်းလွယ်တာ၊ ဒေါသထွက်လွယ်တာလည်း ဖြစ်တတ်ပါတယ်။ အလှအပအနေနဲ့ ပြောရမယ်ဆိုရင် မျက်နှာမှာ ဝက်ခြံတွေ ပေါက်တတ်ပြီး ဆံပင်ကလည်း အဆီများကာ စေးကပ် နေတတ်ပါတယ်။ ဒါဟာ ရာသီမလာခင် ခြောက်ရက်လောက် အလိုမှာ ပရိုဂျက်စတီရုန်း ဟော်မုန်းထွက်နှုန်း ထိပ်ဆုံးထိ ရောက်နေကာ မျက်နှာနဲ့ ဦးရေပြားတို့ကနေ အဆီတွေ ပိုထွက်ရှိလာစေတာကြောင့်ပဲ ဖြစ်ပါတယ်။

ဒီကာလအတွင်း အလှအပ ထိန်းသိမ်းနည်း

အဆီတွေ ကင်းရှင်းစေဖို့
ဒီကာလမှာ ဝက်ခြံမထွက်အောင် ဒီကာလ မတိုင်ခင်ကတည်းက ကြိုတင်ကာကွယ်ရမှာ ဖြစ်ပါတယ်။ (ကာကွယ်နည်းကိုလည်း သားဥတွေကြွေပြီး တစ်ပတ်တာကာလတွင်း အကြံပေးချက်မှာ ဖော်ပြထားပါတယ်။) ဘယ်လိုပဲဖြစ်ဖြစ် ဒီကာလမှာ ဝက်ခြံ ထွက်ပေါ်လာပါက ပျောက်အောင် ကုသရမှာ ဖြစ်ပါတယ်။ ဘက်တီးရီးယားပိုးတွေ တိုက်ဖျက်ဖို့နဲ့ အဆီတွေ ပျော်ဝင်စေဖို့အတွက် ဆာလဖာပါရှိတဲ့ ဝက်ခြံပျောက်ဆေးနဲ့ Benzoyl Peroxide အခြေခံ ဝက်ခြံပျောက်ဆေးကို အတူရောကာ လိမ်းပေးနိုင်ပါတယ်။ ဆံပင်အတွက်ကတော့ အဆီထွက်တဲ့ ဆံပင်သား (Oily Hair) တွေ အတွက် သီးသန့်ထုတ်ထားတဲ့ ခေါင်းလျှော်ရည် သုံးပေးပါ။ အဓိက သတိထားရမှာကတော့ မျက်နှာက ဝက်ခြံတွေကို လက်နဲ့ မဆွမိဖို့ပါပဲ။

မျက်နှာချောမွေ့အောင်
မျက်နှာမှာ အဖုအပိမ့်တွေ များနေပါက မိတ်ကပ်ပါးပါးကို အလွှာများများနဲ့ သေသပ်စွာ လိမ်းပေးရပါမယ်။ အရင်ဆုံး Skin Care တွေ လိမ်းပြီးနောက် မျက်နှာကို ချောမွေ့စေပြီး မိတ်ကပ်သား ညက်စေနိုင်တဲ့ မိတ်ကပ်အောက်ခံ (Make-up Base) ကို လိမ်းပေးပါ။ (မရှိရင် ဒီအဆင့် ကျော်နိုင်ပါတယ်။) ပြီးတဲ့အခါ ကိုယ့်အသားအရောင်နဲ့လိုက်တဲ့ အစက်အပြောက်ဖုံး မိတ်ကပ် (Concealer) အသာအယာ လိမ်းလိုက်ပါ။ နောက်ဆုံး မျက်နှာတစ်ပြင်လုံးကို ဘရပ်ရှ်နဲ့ ပေါင်ဒါ ပုတ်လိမ်းလိုက်ပါက ချောမွေ့လှပတဲ့ မျက်နှာပိုင်ရှင်လေး ဖြစ်သွားပါလိမ့်မယ်။

အစိုဓာတ်ထိန်းဖို့ မမေ့ပါနဲ့
ဝက်ခြံတွေက မိန်းကလေးတွေကို စိတ်ဖိစီးမှု ဖြစ်ပေါ်စေပြီး စိတ်ဖိစီးတာကလည်း ဂလင်းတချို့ကို သွားလှုံ့ဆော်တာကြောင့် အဆီပိုထွက်ပြီး အရေပြားကနေ အစိုဓာတ် ထိန်းသိမ်းနိုင်စွမ်း လျော့နည်းသွားတတ်ပါတယ်။ ဒါကြောင့်လည်း အဆီတွေပြန်ပေမယ့် အရေပြားမစိုဘဲ ခြောက်သွေ့နေတတ်တာပဲ ဖြစ်ပါတယ်။ နောက်ပြီးတော့ မျက်နှာအဆီပြန်တယ် ဆိုပြီး အစိုဓာတ်ထိန်းသိမ်း ခရင်မ် (Moisturiser) ကို မလိမ်းဘဲ ဝက်ခြံပျောက်ဆေးတွေကိုသာ လိမ်းနေရင်လည်း အရေပြားကို ခြောက်သွေ့စေကာ ခန္ဓာကိုယ်ကနေ အဆီတွေပိုပြီး ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အဆီမပါတဲ့ Moisturiser ကို လိမ်းပေးသင့်ပါတယ်။

o-menstruation-facebook

ဓမ္မတာလာစဉ် တစ်ပတ်

ဓမ္မတာမလာခင်က ထွက်ရှိခဲ့တဲ့ ဝက်ခြံတွေကြောင့် ဓမ္မတာလာစဉ်ကာလ အတွင်းမှာ ဝက်ခြံရာတွေ ကျန်နေခဲ့နိုင်ပါတယ်။ ဒါ့အပြင် ဓမ္မတာ သွေးဆင်းခြင်းကြောင့်လည်း သွေးအားနည်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အာရုံစူးစိုက်မှု လျော့နည်းခြင်းတို့ ဖြစ်တတ်ပါတယ်။

ဒီကာလအတွင်း အလှအပထိန်းသိမ်းနည်း

ဝက်ခြံအမာရွတ် ကင်းစေဖို့
ဓမ္မတာမလာခင် ကာလအတွင်းမှာ ထွက်ရှိတဲ့ ဝက်ခြံတွေက ပျောက်သွားပြီးတာတောင် အရာက ကျန်ရစ်ခဲ့တတ်ပါတယ်။ ဒီအရာတွေ ပျောက်စေဖို့ ပျက်စီးနေတဲ့ ဆဲလ်ဟောင်းတွေ ခွာစေနိုင်တဲ့ မျက်နှာကြေးချွတ်ခြင်း (Facial Scrub) ကို ပြုလုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဝက်ခြံရာတွေကို မိတ်ကပ်နဲ့လည်း ဖုံးဖိနိုင်ပါတယ်။

သွေးအားကောင်းအောင် လုပ်ပါ
ဓမ္မတာသွေးဆင်းခြင်းကြောင့် သွေးအားနည်းပြီး အသားအရေ ဖြူဖပ်ဖြူရော်ဖြစ်ကာ လူလည်း မလန်းဆန်းပါဘူး။ ဒါကြောင့် ဓမ္မတာလာတဲ့ အမျိုးသမီးတိုင်း သံဓာတ်အားဖြည့်ဆေး သွေးအားကောင်းဆေးကို နေ့စဉ် သောက်သုံးသင့်ပါတယ်။

အနံ့အသက်ကောင်းစေဖို့
ဓမ္မတာရာသီလာစဉ် ကာလအတွင်းမှာ သွေးညှီနံ့ကြောင့် စိတ်ညစ်ရတဲ့ကြားထဲ ထိုကာလမှာ ချိုင်းနံ့ကလည်း မသင်း ဖြစ်နေတတ်ပါတယ်။ ဒီလိုကာလအတွင်းမှာ အနံ့အသက် ကောင်းစေဖို့ ချိုမြိန်တဲ့ ပန်းရနံ့ပါတဲ့ ရေမွှေး ခပ်သင်းသင်းလေးကို ဆွတ်ပေးသင့်ပါတယ်။

579f6d1e1200003000a547c5.jpg

သားဥကြွေစဉ် တစ်ပတ်

ဒီကာလကတော့ ကိုယ်ဝန်အရနိုင်ဆုံး ကာလပါ။ ဒီလမှာ မဟော်မုန်း အီစထရိုဂျင်ဟော်မုန်းက အမြင့်ဆုံး ဖြစ်နေတာကြောင့် ဆွဲဆောင်မှုအရှိဆုံး ကာလလည်း ဖြစ်နေပါတယ်။ ဆံပင်သားလေးတွေ ပြောင်လက်ကာ အသားအရေ ဝင်းလက် စိုပြည်နေတာကြောင့်လည်း လှပပြီး ဆွဲဆောင်မှု ရှိနေတာပါ။

ဒီကာလအတွင်း အလှအပထိန်းသိမ်းနည်း

မလိုတာတွေ မသုံးပါနဲ့
ဒီကာလမှာ အမျိုးသမီးတွေ ခန္ဓာကိုယ်က ထွက်ရှိတဲ့ သဘာဝကိုယ်သင်းနံ့ကို အမျိုးသားတွေ နှစ်သက် သဘောကျ ကြတာကြောင့် ရေမွှေးတောင် ဆွတ်စရာ မလိုတော့ပါဘူး။ နောက်ပြီး ပိုးသားလို ပြောင်လက်နူးညံံတဲ့ ဆံသား၊ စိုပြည် ဝင်းပတဲ့ အသားအရေကြောင့် ဒီကာလအတွင်းမှာ အမျိုးသားတွေကို ပိုဆွဲဆောင်နိုင်စေပါတယ်။ ကိုယ့်ကိုယ်ကိုယ် မြတ်နိုး တန်ဖိုးထားမှုတွေကလည်း သားဥကြွေစဉ်ကာလ အနီးတစ်ဝိုက်မှာ များနေတာကြောင့် ကိုယ့်ကို ပိုပြီး လှစေ၊ မိုက်စေနိုင်တဲ့ အဝတ်အစား၊ အလှပြင်ပစ္စည်းတွေအပေါ် ပိုက်ဆံ သုံးစွဲမှုနှုန်း မြင့်နေတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အလိုလိုက်ချင်စိတ် ပေါ်ပြီး မလိုအပ်တာတွေ ဝယ်မိတော့မယ် ဆိုရင် ကိုယ့်စိတ်ကိုယ် ပြန်ထိန်းနိုင်အောင် ကြိုးစားပါ။

ခန္ဓာကိုယ်အချိုးအစား ပေါ်လွင်ဖို့
ဒီလိုကာလမျိုးမှာ အမျိုးသမီးတွေက ခန္ဓာကိုယ်အချိုးအစား ပေါ်လွင်စေတဲ့ အဝတ်အစား ခပ်ကျပ်ကျပ်လေးတွေ၊ အတိုအပြတ်လေးတွေကို ဝတ်လိုစိတ် များတတ်ပါတယ်။ အတို၊ အပြတ်ဝတ်ရာမှာ အသားအရေ လှပစိုပြည်နေစေဖို့ Body Lotion လိမ်းပေးဖို့ မမေ့ပါနဲ့။

aid1650829-728px-Determine-First-Day-of-Menstrual-Cycle-Step-1.jpg

သားဥကြွေပြီးတစ်ပတ်

သားဥကြွေပြီးတာနဲ့ ခန္ဓာကိုယ်ကနေ ဟော်မုန်းနှစ်မျိုး ထွက်ရှိလာပါတယ်။ ဒါပေမဲ့ မကောင်းတာက ဒီဟော်မုန်းတွေဟာ အလှအပအတွက် အကျိုးမပေးတာကြောင့်ပါ။ ဒီအပတ်ထဲမှာ ထွက်ရှိတဲ့ တက်စတိုစတီရုန်းနဲ့ ပရိုဂျက်စတီရုန်း ဟော်မုန်း နှစ်မျိုးစလုံးဟာ အဆီတွေ ထွက်ရှိစေနိုင်သလို ရေဓာတ်ကိုလည်း ခန်းခြောက်စေနိုင်ပါတယ်။ ဒီဟော်မုန်းတွေရဲ့ ပမာဏက သိသာ ထင်ရှားတဲ့ အပျက်အစီး၊ ဆိုးကျိုးတွေ ဖြစ်နိုင်လောက်တဲ့အထိ မများပေမယ့် မကြာခင်မှာ ဖြစ်ပေါ်မယ့် ဆိုးကျိုးတွေကို သွားဆွပေးသလို ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဓမ္မတာအကြိုလက္ခဏာ ဆိုးကျိုးတွေ မဖြစ်ပေါ်မီ ကြိုတင် ကာကွယ်ထားဖို့ အရေးကြီးပါတယ်။

ဒီကာလတွင်း အလှအပထိန်သိမ်းနည်း

မဝအောင် သတိထားပါ
သိပ်မကြာခင် ဓမ္မတာအကြိုကာလမှာ ခန္ဓာကိုယ် အနည်းငယ် ဖောရောင်တာကြောင့် ဝတ်နေကျ အဝတ်အစားတွေ ကျပ်နေနိုင်ပါတယ်။ ဒါကြောင့် အခုကာလတည်းက အစားအသောက်ကို ဆင်ခြင်သင့်နေပါပြီ။ ပဲငံပြာရည်၊ အာလူးကြော်တို့လို ဆားငန်တဲ့ အစားအစာတွေ၊ ဖရဲသီးနဲ့ သခွားသီးလို ဖောစေတဲ့ အစာတွေကို လျှော့စားပါ။

ကြိုတင်ကာကွယ်ပါ
ဒီကာလမှာ ကြိုတင် ကာကွယ်ထားမှ ဓမ္မတာအကြို ဝက်ခြံထွက်ရှိမှုတွေကို ကာကွယ်နိုင်မှာပါ။ နောက်တစ်ပတ်မှာ ထွက်ပေါ်လာမယ့် ဝက်ခြံတွေကို ခုချိန်မှာ ကာကွယ်ထားတာ အကောင်းဆုံးပါ။ အဆီနဲ့ ဘက်တီးရီးယားပိုး ပမာဏ မျှတစေဖို့ Benzoyl Peroxide (သို့) Salicylic Acid လို ဝက်ခြံပျောက်ကင်းစေနိုင်တဲ့ အရာတွေနဲ့ ကြိုပြီး မျက်နှာကို ပေါင်းတင် ထားသင့်ပါတယ်။ နေ့စဉ်နေ့တိုင်း လှပချောမောကာ ဆွဲဆောင်မှု ရှိနိုင်ကြပါစေ။

#ဒေါက်တာနုမြတ်


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s