==================
♥ ဒေါက်တာနုမြတ်သိင်္ဂီဦး
ပင်ပန်းပြီး နွမ်းနယ်လွန်းနေပါသလား။ ပင်ပန်းမှုတွေ ပျောက်စေဖို့ ဘာကြောင့် ပင်ပန်းတယ်၊ ဘယ်လိုပင်ပန်းတယ်ဆိုတာသိဖို့လိုအပ်ပါ တယ်။ သင်ရဲ့ အင်အားတွေကို မြှင့်တင်ပေးပြီး ပင်ပန်းမှုပျောက် ကင်းစေနိုင်မယ့် နည်းလမ်းပေါင်းများစွာရှိပါတယ်။
#ဖျားနာပြီးပင်ပန်းခြင်း
▬▬▬▬▬▬▬▬▬
အမြဲတမ်းပင်ပန်းနွမ်းနယ်နေတဲ့အပြင် အအေးမိ၊ တုပ်ကွေးရောဂါပါ မကြာခဏကူးစက်နေတတ်ပါတယ်။
#ဘာလုပ်သင့်လဲ
မောပန်းခြင်းဟာ ရေဓာတ်ခန်းခြောက်ခြင်းရဲ့ လက္ခဏာ တစ်ရပ်ဖြစ်တဲ့အတွက် ရေများများသောက်ပေးသင့်ပါတယ်။ ငါးနဲ့ အိုမီဂါ ၃ ဖက်တီးအက်ဆစ်သုံးဆောင်ခြင်းဟာလည်း ကာလရှည်မောပန်းခြင်းနဲ့ ကိုယ်ခံအားကျဆင်းခြင်းကို ကုသရာမှာထိရောက်မှုရှိပါတယ်။ ဇင့်အားဆေးတွေဟာ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းနဲ့ ၀မ်းဗိုက်ရှိ ကူးစက်ရောဂါ ပိုးများဝင်ရောက်မလာနိုင်အောင် ကာကွယ်ပေးပါတယ်။ Antioxidants ဖြစ်တဲ့ ဗီတာမင်အီးနဲ့ ဘီတာကရိုတင်းဓာတ် များစွာပါဝင်တဲ့ အစာတွေ စားသောက်သူဟာ ရောဂါပိုးကူးစက်မှု နှုန်း ၃၀ ရာခိုင်နှုန်းလျော့နည်းတာကိုတွေ့ရပါတယ်။ ဒါကြောင့် တစ်နေ့ကို အိုမီဂါ ၃ ဖက်တီးအက်ဆစ် ၁၀၀၀ မီလီဂရမ်၊ ဇင့်ဓာတ် ၁၂-၁၆ မီလီဂရမ်နဲ့ ဗီတာမင်အီး 200 IU သောက်ပေး သင့်ပါတယ်။
#မေ့လျော့ကာ ပင်ပန်းခြင်း
▬▬▬▬▬▬▬▬▬▬
ပင်ပန်းနွမ်းနယ်လွန်းတဲ့အတွက်ဦးနှောက်တောင် ချောင်ချင်သလိုလိုဖြစ်နေတတ်ပါတယ်။ အဘိုးကြီး၊ အဘွားကြီး တွေဖြစ်သလိုမျိုး မှတ်ဥာဏ်တွေလျော့ပြီး မေ့မေ့နေတတ်ပါတယ်။
ရွှေမြစ် (Golden Root)ခေါ် Rhodiola Rosea ဆိုတဲ့ ဆေးဘက်ဝင်အမြစ်တစ်မျိုးဟာ ရှေးခေတ်ကတည်းက အင် အားတိုးပွားပြီး မျိုးပွားနိုင်စွမ်းများအောင် အသုံးပြုခဲ့ကြတဲ့ အမြစ်တစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် မောပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်၊ ခေါင်းမူးခြင်းနဲ့ အားနည်းခြင်းတို့ကိုလည်း သက်သာစေနိုင်ပါသေးတယ်။ Rhodida Rosea ပါဝင်တဲ့ အား ဆေး ၅၀ မီလီဂရမ်ကို တစ်နေ့သုံးကြိမ်သုံးဆောင်သင့်ပါတယ်။
#အားကစားလုပ်လို့ ပင်ပန်းခြင်း
▬▬▬▬▬▬▬▬▬▬▬▬
လေ့ကျင့်ခန်းလုပ်ဖို့ အင်အားသုံးရသလို လေ့ကျင့်ခန်းကလည်း အင်အားကိုတည်ဆောက်ပေးပါတယ်။ လေ့ကျင့်ခန်းလုပ်တိုင်း သင့်နှလုံးကြံ့ခိုင်မှုတိုးပွားလာကာ အင်အားများပြားစေပါတယ်။ နားလိုက်တဲ့အခါ တစ်မိနစ်ကို အောက်ဆီဂျင် ၂၅ ရာခိုင်နှုန်းပိုပြီး ခန်္ဓာကိုယ်ထဲ သယ် ဆောင်ပေးတဲ့အတွက် အားရှိလန်းဆန်းစေပါတယ်။ အိပ် ကောင်းကောင်းနဲ့လည်း အိပ်ပျော်စေနိုင်ပါတယ်။
#ဘာလုပ်သင့်လဲ ..
ထိရောက်တဲ့ Antioxidant တစ်မျိုးဖြစ်တဲ့ Co-enzyme Q 10 (CoQ10)ကို အားကစားသမားများနဲ့ နာတာရှည်မော ပန်းလက္ခဏာစု(Chronic Fatigue Syn-drome) ခံစားနေရသူများမှာ နှလုံးလုပ်ဆောင်မှုကောင်းမွန် စေရန် ဆဲလ်တွေအတွင်း အောက်ဆီဂျင်စီးဆင်းမှုကောင်း မွန်စေရန်၊ အင်အားတိုးပွားစေရန်နဲ့ အစားအစာတွေကနေ အာဟာရစုပ်ယူမှုအားကောင်းစေရန်အတွက် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေကြပါပြီ။ အဆိုပါ သူများမှာတွင် အကျိုး ရှိစေတာတင်မဟုတ်ဘဲ ဆီးချိုဝေဒနာရှင်တွေ၊ ကိုယ်ဝန် တားဆေးသုံးစွဲသူတွေ၊ Statin ဒါမှမဟုတ် Beta Blocker ဆေးဝါးသုံးဆောင်နေသူတွေမှာလည်း CoQ10 ချို့တဲ့နေ တဲ့အတွက် အသုံးပြုသင့်ပါတယ်။ CoQ10 ကို တစ်နေ့ကို အများဆုံး ၁၂၀မီလီဂရမ်ပမာဏအထိအသုံးပြုနိုင်ပါတယ်။
#အမြဲတမ်းပင်ပန်းနေခြင်း
▬▬▬▬▬▬▬▬▬▬
အလုပ်များလွန်းလို့ပင်ပန်းတာဖြစ်တဲ့အတွက် ယနေ့ခေတ်ရဲ့ လက်္ခဏာ ရပ်တစ်ခုလို့ခေါ်လို့ရပါတယ်။ နည်းပညာရပ်တွေ ထွန်းကားလာတာနဲ့အမျှ အလုပ်လုပ်ရတာ ပိုလွယ်ကူလာနိုင်သလို အိမ်ကိုလည်း အလုပ်တွေ သယ်ဆောင်လုပ်ကိုင်ဖို့ လွယ်ကူလာတဲ့ အတွက် အလုပ်ထဲမှာပဲစိတ်နစ်နေပြီး စိတ်ပင်ပန်းလာနိုင်ပါတယ်။
#ဘာလုပ်သင့်လဲ
ဆေးဖက်ဝင် ဂျင်ဆင်းမြစ်တွေဟာ စိတ်ပင်ပန်းခြင်းကို သက်သာစေ သလို ဦးနှောက်လုပ်ဆောင်မှုတွေ ကိုလည်း ကောင်းမွန်စေပါတယ်။ သွေးတွင်းသကြား ဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။ ပန်းသီးနဲ့ ဟင်းသီးဟင်းရွက်အများစုမှာပါတဲ့ အင်အားတိုးပွားစေတဲ့ ဓာတ်ပစ်္စည်းတစ်မျိုးဖြစ်တဲ့ မဲလစ်အက်ဆစ် (Malic Acid) ဟာလည်း ကိုယ်ခံအားကို ကောင်းမွန်စေပြီး အဆိပ်တောက်ပြေစေပါတယ်။ ဇီဝရုပ်ဖြစ်ပျက်မှု ကောင်းမွန်စေတဲ့အတွက် အင်အားတွေများပြားစေပါတယ်။
သကြားလျော့နည်းတဲ့ အစာတွေစားပေးပါ။ ဂျင်ဆင်း ၂၀၀ မီလီဂရမ် တစ်နေ့တစ်ကြိမ်နဲ့ မဲလစ်အက်စစ် ၆၀၀ မီလီဂရမ် တစ်နေ့သုံးကြိမ်သုံးစွဲသင့်ပါတယ်။
#ဓမ္မတာလာစဉ် ပင်ပန်းခြင်း
▬▬▬▬▬▬▬▬▬▬▬
တစ်လမှာ ဓမ္မတာလာရက် နည်းနည်း၊ များများ၊ ရာသီသွေးဆင်းတာ နည်းနည်း၊ များများ ဓမ္မတာလာနေသရွေ့ အမျိုးသမီးတွေမှာ သံဓာတ်အားနည်းမှုကရှိနေဦးမှာပါပဲ။ သံဓာတ်အားနည်းတဲ့အခါ ပင်ပန်းနုံးချိနေပြီး စိတ်တွေတိုနေတတ်ကာ မောပန်းလွယ်နေတတ်ပါတယ်။
#ဘာလုပ်သင့်လဲ
သံဓာတ်အားဖြည့်ဆေးတွေဟာ ရှာလို့လွယ်ပေ မယ့် သောက်သုံးဖို့တော့ အမြဲတမ်းမလွယ်ကူပါဘူး။ ဘာကြောင့်လဲဆိုတော့ သံဓာတ်အားဆေးတွေဟာ ၀မ်းချုပ် ခြင်း၊ ရင်ပူခြင်းနဲ့ ပျို့ခြင်းတို့ကိုဖြစ်ပေါ်စေနိုင်လို့ပါ။ ကံ ကောင်းတာကတော့ သံဓာတ်ဟာ အစားအစာတွေထဲမှာ ပါရှိနေလို့ပါပဲ။ ကမာ၊ အနီရောင်ရှိတဲ့ ၀က်သား၊ အမဲ သား၊ အသည်း၊ ကျောက်ကပ်တို့မှာ သံဓာတ်အများဆုံး ပါရှိကာ ခန္ဓာကိုယ်ထဲစုပ်ယူမှု အလွယ်ကူဆုံးလည်းဖြစ်ပါတယ်။ တခြား သံဓာတ်ကြွယ်ဝတဲ့ အစာတွေကတော့ အစိမ်းရောင်ဟင်းရွက်များ၊ ပဲပင်ပေါက်၊ ကောက်နှံများနဲ့ Cereal များပဲဖြစ်ပါတယ်။
ဟင်းသီးဟင်းရွက်တွေကနေ သံဓာတ်စုပ်ယူမှု အားကောင်းချင်ရင် ဗီတာမင်စီပါရှိတဲ့ အစားအစာတွေနဲ့ တွဲဖက်စားသုံးသင့်ပါတယ်။
Dr Nu Myat
ဒေါက်တာနုမြတ်သိင်္ဂီဦး
(THE CHIC MAGAZINE – APRIL 2016 Issue)
The Chic Magazine Facebook Page တွင် ယခုကဲ့သို့ ဖက်ရှင်၊ အလှအပ၊ ကျန်းမာရေး၊ လူမှုရေး ဆောင်းပါးများကို ၀င်ရောက် ဖတ်ရှုနိုင်ပါသည်။
https://www.facebook.com/thechicmagazinemyanmar/